ဘာစီလိုနာနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ အာဆင်နယ်ပစ်မှတ်
ဘာစီလိုနာ အသင်းဟာ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဘီလ်ဘာအိုစတား နီကိုဝီလီယံနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဝီလီယံဟာ စပိန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပြီး ပြင်သစ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
အသက် ၂၁ နှစ်သားကို ပရီးမီးယားလိဂ်အသင်းတော်တော်များများက စိတ်ဝင်စားနေပြီး ချဲလ်ဆီးကလည်း ကူကူရယ်လာအကူအညီနဲ့ ဝီလီယံကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အာဆင်နယ်ကလည်း တောင်ပံကစားသမား လိုအပ်ချက်ကြောင့် ဝီလီယံကို စိတ်ဝင်စားနေပါတယ်။
စပိန်သတင်းဌာန စပေါ့တ်ရဲ့အဆိုအရ ဘာစီလိုနာဟာ စပိန်သားနဲ့ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဝီလီယံရဲ့အေးဂျင့် ဖီးလစ်နဲ့တွေ့ဆုံခဲ့ပြီး သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဝီလီယံဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဘီလ်ဘာအိုနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးက ပေါင်သန်း ၅၀ ဝန်းကျင်ရှိနေပါတယ်။ ဘာစီလိုနာ အနေနဲ့ ကစားသမားအသစ် ခေါ်ယူနိုင်ဖို့ ဘဏ္ဍာရေးအခြေအနေအဆင်မပြေပေမယ့် ဥက္ကဌ လာပေါ်တာက မိမိတို့အသင်းဟာ မကြာခင်မှာ ဝီလီယံကို ခေါ်ယူနိုင်ဖို့ ငွေကြေးရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“စီးပွားရေးအရ စကားပြောနေပါတယ်။ ကျွန်တော်တို့ နီကိုဝီလီယံကို ခေါ်ယူနိုင်ချေရှိပါတယ်။ နီကိုက ကျွန်တော်ကြိုက်တဲ့ကစားသမားဖြစ်သလို ဖလစ်ကလည်း ဖြစ်နိုင်ချေကစားသမားတွေအတွက် အလုပ်လုပ်နေပါတယ်။ အခုဆို ဒေကိုလည်း အပြောင်းအရွှေ့တွေအတွက် လုပ်ဆောင်နေပါတယ်။ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ မကြာခင်မှာ သတင်းကောင်းအချို့ကြားရမှာပါ။ ကစာသမားသစ်တွေလည်း ခေါ်ယူနိုင်တော့မှာပါ”လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။