ဘန်လေကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကစားသမား ၂ ယောက်အထိ ဒဏ်ရာပြဿနာကြုံခဲ့ရတဲ့ အာဆင်နယ်
စနေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ဟာ ဘန်လေကိုအဝေးကွင်းမှာသွားရောက်ကစားပြီး ၀-၂ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အသင်ရဲ့အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ တိုက်စစ်မှူး ဗစ်တာယောကရက်စ်နဲ့ ကွင်းလယ်လူ မာတင်ဇူဘီမန်ဒီတို့ ဒဏ်ရာပြဿနာကိုယ်စီကြုံတွေ့ခဲ့ရတာကြောင့် ပေးဆပ်မှုကြီးမားခဲ့ပါတယ်။
ကစားသမား ၂ ဦးစလုံးဟာ ကြွက်သားဒဏ်ရာပြဿနာတွေရရှိခဲ့တယ်လို့သိရပြီး အာဆင်နယ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆလားဗီးယားပရာဂူးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်လို့ အဆိုပါပွဲစဉ်မှာ ယောကရက်စ်နဲ့ ဇူဘီမန်ဒီတို့ကို အသုံးပြုနိုင်ဖို့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။
လက်ရှိအချိန်မှာအာဆင်နယ်ဟာ ပုံစံကောင်းရနေပြီး ပြိုင်ပွဲစုံ ၉ ပွဲဆက်တိုက်နိုင်ပွဲရထားသလို၊ ၇ ပွဲဆက်တိုက်လည်း ဂိုးမပေးထားရပေမယ့် ကစားသမား ၂ ဦးရဲ့ဒဏ်ရာပြဿနာဟာ အသင်းရဲ့တည်ငြိမ်နေတဲ့ပုံစံကောင်းအပေါ်မှာ သက်ရောက်မှုရှိလာနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ တဖြည်းဖြည်းအသားကျလာခဲ့တဲ့ ယောကရက်စ်ဟာ ဘန်လေနဲ့ပွဲစဉ်မှာ အသင်းအတွက်ဦးဆောင်ဂိုးကိုစတင်သွင်းယူပေးနိုင်ခဲ့ပြီး နည်းပြမီခေးလ်အာတီတာရဲ့ချီးကျူးမှု ကိုရရှိခဲ့ပါတယ်။
အာတီတာက "ဒီပွဲက ယောကရက်စ်ဒီရာသီကစားခဲ့တဲ့ အကောင်းဆုံးပွဲစဉ်တွေထဲကတစ်ပွဲပါ။ ဒီပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းခဲ့ပါတယ်။ သူ့ရဲ့နေရာယူပုံ၊ ဘောလုံးလက်ခံပုံနဲ့ ပြိုင်ဘက်ကိုဖိအားပေးပုံတွေက အကောင်းဆုံးပုံစံမှာရှိခဲ့ပါတယ်။ " လို့ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ယောကရက်စ်ဟာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပြီး အာတီတာက "သူဒဏ်ရာရသွားတာ စိတ်ပျက်စရာပါ။ သူကစားရတာ သက်တောင့်သက်သာအခြေအနေမှာမရှိလို့ ကျွန်တော်တို့လူစားလဲခဲ့ရပါတယ်။ ဒဏ်ရာအခြေအနေကို စောင့်ကြည့်သွားရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။
ဇူဘီမန်ဒီနဲ့ပတ်သက်ပြီးတော့လည်း စပိန်သားနည်းပြက "သူက လူစားလဲဖို့အတွက်ခွင့်တောင်းခဲ့လို့ ကျွန်တော်တို့ လဲခဲ့ရတာပါ။ သူ့ကိုလည်းစောင့်ကြည့်ဖို့လိုနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အာတီတာက "ဒီပွဲရဲ့ပထမပိုင်းစွမ်းဆောင်ရည်က အရမ်းထူးခြားကောင်းမွန်ပါတယ်။ ၂ ဂိုးသွင်းနိုင်ခဲ့ပြီး ပြိုင်ဘက်ကိုဘာအခွင့်အရေးမှမပေးခဲ့ရပါဘူး။ ဒုတိယပိုင်းမှာတော့ ပွဲကို အပြည့်အဝမထိန်းချုပ်နိုင်ခဲ့ပေမယ့် နောက်တန်းပိုင်းကတည်ငြိမ်နေလို့ ဂိုးပြန်မပေးရဘဲ အနိုင်ရလဒ်ကိုထိန်းသိမ်းနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့ ဆလားဗီးယားနဲ့ပွဲစဉ်မှာတော့ အာတီတာဟာ အဆိုပါကစားသမား ၂ ဦးစလုံးကိုထည့်သွင်းအသုံးပြု နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး အာဆင်နယ်အနေနဲ့လည်း နိုင်ပွဲဆက်နေမှုကို ဆက်လက်အရှိန်မြှင့်တင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။