
နွေရာသီမှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ကစားသမားတွေရောင်းထုတ်မယ့် အာဆင်နယ်
အာဆင်နယ်ဟာ လာမယ့်နွေမှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့အတွက် ထရိုဆက် ဒါမှမဟုတ် မာတီနယ်လီကိုရောင်းထုတ်ရဖို့ လိုအပ်နေပါတယ်။ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအားမဖြည့်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး အခုလည်း အမှတ်တွေလျော့ကျနေခဲ့တာဖြစ်ပါတယ်။ အူဘာမီယန်းမရှိတော့ကတည်းက အာဆင်နယ်ရဲ့တိုက်စစ်မှာ တစ်ရာသီကို ဂိုး ၃၀ သွင်းယူနိုင်တဲ့တိုက်စစ်မှူး မရှိတော့ပဲ အားကိုးရမယ့် ဂျီးဆပ်စ် ၊ ဆာကာ ၊ ဟာဗက်ဇ်တို့ကလည်း ဒဏ်ရာရရှိနေကြတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ အာဆင်နယ်ဟာ ဗီလာတိုက်စစ်မှူး ဝက်တ်ကင်းကို ကမ်းလှမ်းခဲ့ပေမယ့် ဗီလာဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ စလော့ရဲ့လီဗာပူးအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပြီး ၁၃ မှတ်အထိ အာဆင်နယ်ကို ဖြတ်ထားနိုင်ခဲ့ပါတယ်။
မယ်ရာသတင်းဌာနကတော့ အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးသစ်ခေါ်ယူဖို့အတွက် ထရိုဆက် ဒါမှမဟုတ် မာတီနယ်လီကိုရောင်းထုတ်ရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ထရိုဆက် နဲ့ မာတီနယ်လီကို ဆော်ဒီလိဂ်က စိတ်ဝင်စားနေပြီး အခြားကစားသမားတွေကိုတော့ အာဆင်နယ်ဘက်က ရောင်းထုတ်ဖွယ်မရှိတာဖြစ်ပါတယ်။ ဘရိုက်တန်ကနေ ပေါင်သန်း ၂၀ နဲ့ ပြောင်းလာပြီးကတည်းက ထရိုဆက်ဟာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး စာချုပ်သက်တမ်းက ၁၈ လသာကျန်တော့တာဖြစ်ပါတယ်။
မာတီနယ်လီကတော့ စာချုပ်သက်တမ်းက ၂ နှစ်ခွဲလောက်ကျန်နေသေးတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်နွေမှာ အီဆက် ဒါမှမဟုတ် ဆက်စ်ကိုတို့ထဲကတစ်ယောက်ယောက်ကိုခေါ်ယူဖွယ်ရှိနေပြီး နီကိုဝီလီယံကိုလည်း ချိတ်ဆက်နေပါတယ်။အာတီတာကိုယ်တိုင်က ဇန်နဝါရီမှာ တိုက်စစ်မှူးသစ်မခေါ်ယူနိုင်ခဲ့လို့ စိတ်ပျက်မိကြောင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဗွီနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ယူနိုက်တက်နဲ့ပွဲကျပ်ကန်ရမှာဖြစ်ပါတယ်။