ပါတေးထွက်ခွာဖြစ်ခဲ့ရင် ယူနိုက်တက်စတားတစ်ဦးနဲ့ အစားထိုးဖို့ အာဆင်နယ်ဂန္ထဝင်တစ်ဦး တိုက်တွန်း
အာဆင်နယ်ဂန္ထဝင်ဟောင်း ဂီလ်ဘာတိုဆေးလ်ဗားက အသင်းဟောင်းအနေနဲ့ ပါတေးထွက်ခွာခဲ့မယ်ဆိုရင် သူ့နေရာမှာ ယူနိုက်တက်ကွင်းလယ်လူ ကက်စ်မဲရိုးနဲ့အစားထိုးသင့်တယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။အာဆင်နယ်ဟာ အခုနွေရာသီအတွင်း ပါတေးကိုရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး အသင်းတော်တော်များများက အလိုရှိနေကြပါတယ်။
အာဆင်နယ်စတားဟောင်းကတော့ ပါတေးနေရာအတွက် ကက်စ်မဲရိုးဟာ အသင့်တော်ဆုံးလို့ ယုံကြည်နေပါတယ်။ကက်စ်မဲရိုးဟာ ယူနိုက်တက်အသင်းနဲ့အတူ ပထမရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် ၂၀၂၃ - ၂၄ ရာသီမှာ ခြေစွမ်းကျဆင်းခဲ့တာဖြစ်ပါတယ်။အသက် ၃၂ နှစ်သားဟာ ဘာနေဗျူးမှာတုန်းက ချန်ပီယံလိဂ်ဖလား ၅ လုံးအထိ ရယူနိုင်ခဲ့ပေမယ့် ယူနိုက်တက်မှာတော့ ခံစစ်ကစားသမားတွေကို အကာအကွယ်ပြုလုပ်ပေးနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂီလ်ဘာတိုဆေးလ်ဗားကတော့ ယူနိုက်တက်စတားဟာ အာဆင်နယ်အတွက် အဆင်ပြေနိုင်တယ်လို့ ယုံကြည်နေပါတယ်။“ယူနိုက်တက်မှာ ကျွန်တော်တို့ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင် ကက်စ်မဲရိုးလိုကစားသမားတောင် အဆင်မပြေခဲ့ပါဘူး။ အဆုံးသတ်မတိုင်ခင်အထိ ယူနိုက်တက်က ရာသီကောင်းတစ်ခုကို မပိုင်ဆိုင်ခဲ့ပါဘူး။ သူတို့စွမ်းဆောင်ရည်ကောင်းတစ်ချို့ပြသနိုင်ခဲ့ပေမယ့် ဆိုးဝါးတဲ့ရာသီကိုဖြတ်သန်းခဲ့ရတာပါ။ အကြိမ်ရေတော်တော်များများ ကျွန်တော်ကက်စ်မဲရိုးကစားတာကို ကြည့်ဖြစ်ခဲ့ပါတယ်။
အသင်းဘက်ကလည်း ဒဏ်ရာပြဿနာတွေရှိနေခဲ့တာက နည်းပြအတွက်တော့ ကစားသမားတွေအတွက်ပါ ခက်ခဲခဲ့တာပါ။အချို့ကစားသမားတွေက ထင်ထားတာထက်ပိုခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကျွန်တော်အရိုးသားဆုံးပြောရရင် ကက်စ်မဲရိုးကို ဝေဖန်မှုတွေရှိခဲ့တာနဲ့ပတ်သက်ပြီး အံံ့သြမိပါတယ်။ ဒီရာသီမတိုင်ခင်တုန်းက သူတို့ ကက်စ်မဲရိုးကို ချစ်မြတ်နိုးခဲ့ကြပါတယ်။ အခုတော့ လူတိုင်းက သူ့ကိုလက်ညိုးထိုးနေကြပါတယ်။ သူတို့ စိတ်အေးအေးထားဖို့ လိုအပ်ပါတယ်။
ယူနိုက်တက်တစ်သင်းလုံးရဲ့စွမ်းဆောင်ရည်ကို ကြည့်ဖို့လိုအပ်ပါတယ်။ အကုန်လုံးကိုကြည့်ပြီးမှာ ဘယ်လောက်သက်ရောက်မှုရှိလဲ မြင်ရမျာပါ။ ကျွန်တော့်အတွက်တော့ ကက်စ်မဲရိုးက ကစားသမားကောင်းဖြစ်နေဆဲပါ။သူအသင်းမှာဆက်နေမလား မနေဘူးလားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော် သူ့လိုကစားသမားမျိုးကို အာဆင်နယ်မှာမြင်ချင်ပါတယ်”လို့ ဂီလ်ဘာတိုဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။ကက်စ်မဲရိုးကို ဆော်ဒီကလပ်တွေက ချိတ်ဆက်နေပြီး ယူနိုက်တက်အတွက် ဆက်ကစားပေးဖွယ်မရှိတော့တာဖြစ်ပါတယ်။
“ကျွန်တော် အရမ်းကိုမှအဆင်ပြေနေပါတယ်။ ကျန်းမာနေတယ်လို့ ခံစားရသလို စိတ်ပိုင်းဆိုင်ရာလည်း အတူတူပါပဲ။ လူတွေက ကျွန်တော့်အသက်အကြောင်းပြောနေကြပါတယ်။ ဒါပေမယ့် အဲ့တာကို သက်သေပြထားတဲ့သူတွေရှိနေပါတယ်။မကြာသေးခင်တုန်းက ကျွန်တော့်သူငယ်ချင်း သီယာဂိုဆေးလ်ဗားတစ်ယောက် အသက် ၃၉ နှစ်အထိ ကစားပြခဲ့ပါတယ်။မန်စီးတီးမှာဆိုရင် ဒီဘရိုင်း ၊ လီဗာပူးဆိုရင် ဆာလက်တို့ ဥပမာရှိနေပါတယ်။ အသက်အရွယ်က ပြဿနာမဟုတ်ပါဘူး။ လူတွေက ပွဲတစ်ပွဲကိုသုံးသပ်တဲ့အခါ အသက်ကိုပဲကြည့်နေကြပါတယ်။ကျွန်တော် အမြဲပြောသလို ယူနိုက်တက်က ကျွန်တော်လိုချင်တာကိုပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာကန်ရတာ နှစ်သက်သလို ယူနိုက်တက်မှာလည်း ပျော်ပါတယ်”လို့ ကက်စ်မဲရိုးက ပြောကြားခဲ့ပါတယ်။