ပီဒရီရဲ့ဒဏ်ရာက ထင်သလောက်ပြင်းထန်ခြင်း မရှိဘူးလို့ အသိပေးလာတဲ့ ဇာဗီ
ဘာစီလိုနာ အသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ်က မကြာသေးမီက ဒဏ်ရာရရှိထားတဲ့ ကွင်းလယ်လူ ပီဒရီရဲ့ အခြေအနေဟာ ထင်သလောက်ပြင်းထန်ခြင်း မရှိတာကြောင့် ကစားသမားဟာ မကြာခင်မှာပဲ ပြန်လည်ကစားနိုင်တော့မှာဖြစ်တယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။
ဒီရာသီမှာ ဘာစီလိုနာဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး မကြာသေးမီကလည်း အသင်းရဲ့အဓိက ကွင်းလယ်အင်ဂျင်တွေဖြစ်တဲ့ ဖရန်ကီဒီဂျောင်နဲ့ ပီဒရီတို့ဟာ ပွဲစဉ်တစ်ပွဲတည်းမှာ ပြိုင်တူဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။ ပီဒရီဒဏ်ရာဟာ ပြင်းထန်ပုံရတယ်လို့ ယူဆခဲ့ရပြီး စပိန်လက်ရွေးစင်ကစားသမားဟာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရုန်းကန်နေရပြီး ဒီရာသီမှာ ဘာစီလိုနာအတွက် လာလီဂါ ၁၆ ပွဲသာ ပါဝင်ကစားထားနိုင်တာဖြစ်ပါတယ်။
သို့သော်လည်း ယမန်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇာဗီက “ကျွန်တော်တို့ အခုကြိုးစားပြီးလုပ်နေတာက ဒဏ်ရာပြဿနာတွေကို ကာကွယ်နိုင်ဖို့ပါပဲ။ ကျွန်တော်တို့ အလုပ်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီလို့ထင်ပါတယ်။ အထူးသဖြင့် ပီဒရီနဲ့ ပတ်သက်ပြီးတော့ပေါ့။ သူ့ကို ဒါက မင်းရဲ့နောက်ဆုံးဒဏ်ရာပဲဖြစ်ရမယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ဒဏ်ရာကလည်း ထင်သလောက်မပြင်းပါဘူး။ သူ မကြာခင်မှာပဲ ပြန်ကစားနိုင်ပြီး အသင်းအတွက် အရေးပါလာတော့မှာပါ။ ဒီလိုဒဏ်ရာရတာ သူက ပထမဆုံးမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ပီဒရီဟာ အသက်-၁၇ နှစ် အရွယ်မှာပဲ ၁၂ လအတွင်း ၇၃ ပွဲ အထိ ကစားခဲ့ရဖူးတာကြောင့် အဲဒီနှစ်နောက်ပိုင်းမှာ ကြံ့ခိုင်မှုပြည့်ဝဖို့ရုန်းကန်နေခဲ့ရပါတယ်။ ကစားသမားဟာ တံကောက်ကြောဒဏ်ရာကိုပဲ ထပ်တလဲလဲပြန်ဖြစ်နေပြီး ယခုအခါမှာလည်း တစ်လလောက်အထိ အနားယူရမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။
ဇာဗီဟာ ဘာစီလိုနာမှာ ကျန်ရှိဖို့အတွက် အချိန် ၃ လသာ ကျန်ရှိတော့ပြီး လာမယ့်ဇွန်လမှာပဲ ရာထူးကနေ နုတ်ထွက်သွားတော့မှာဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာတော့ ဇာဗီရဲ့ဘာစီလိုနာဟာ မာယော့ကာကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။