The network connection is lost.

Banner Image

အာဆင်နယ်အတွက် ပြန်ကစားပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ တင်းဘား

အာဆင်နယ်နည်းပြ မီကေးအာတီတာက တနင်္လာနေ့ညမှာ ကစားမယ့် ဘန်လေနဲ့ ပွဲစဉ်မတိုင်ခင် ဂျူရီယန်တင်းဘားရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး နောက်ဆုံးရအခြေအနေကို ပြောပြလိုက်ပါတယ်။

တင်းဘားဟာ မတ်လ ၁၄ ရက်နေ့က အဲဗာတန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်ပိုင်း ပေါင်ခြံဒဏ်ရာကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲကို လွဲချော်ခဲ့ရတာပါ။

ဒီနယ်သာလန်သားရဲ့ ဒဏ်ရာက တော်တော်လေး ရှုပ်ထွေးနေပြီး ရာသီပိတ် နောက်ဆုံး ၂ ပွဲမှာ ပါဝင်နိုင်ဖို့ကိုတောင် သံသယရှိနေတယ်လို့ အာတီတာက ဝန်ခံပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တင်းဘားရဲ့ အခြေအနေဟာ တိုးတက်မှုရှိနေပြီး အသင်းကို ကူညီနိုင်ဖို့အတွက် သူတတ်နိုင်သမျှ အရာအားလုံးကို အစွမ်းကုန် ကြိုးစားနေတယ်လို့ အာတီတာက ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် တင်းဘားဟာ ဒဏ်ရာမရခင်အချိန်အထိ အာဆင်နယ်အသင်းမှာ သြဇာအရှိဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး ပွဲပေါင်း ၄၃ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးအထိ ပါဝင်ပတ်သက်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

တင်းဘားရဲ့ နေရာဖြစ်တဲ့ ညာနောက်ခံလူနေရာမှာ ဘင်ဝှိုက်က အစားဝင်ကစားပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ ဒူးအရွတ် (MCL) ဒဏ်ရာ ရသွားခဲ့တာကြောင့် ဒူးခွဲစိတ်မှု ခံယူရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘန်လေနဲ့ အိမ်ကွင်းပွဲစဉ်မှာ ခရစ်ရှန် မော်စကွဲရားက ပွဲထွက်လာဖို့ များနေပြီး ဒီပွဲမှာ အနိုင်ရခဲ့ရင်တော့ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလား ရရှိဖို့အတွက် အကြီးမားဆုံး ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။