The network connection is lost.

Banner Image

ဒဏ်ရာရသွားတဲ့အာနိုးလ် ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ဖို့မသေချာကြောင်း ပြောကြားလာတဲ့ အန်းစလော့

လီဗာပူးနည်းပြ အန်းစလော့က ဗုဒ္ဓဟူးနေ့နံနက်က ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူအလက်ဇန်းဒါးအားနိုးလ်ဟာ လာမယ့်တနင်္ဂနွေနေ့ နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေချာကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ 

လီဗာပူးဟာ ချန်ပီယံလိဂ်ပထမအကျော့မှာ ပီအက်စ်ဂျီကို ၀-၁ နဲ့အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ၀-၁ နဲ့ပြန်လည်ရှုံးနိမ့်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ပြီး ပင်နယ်တီမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အန်းစလော့ရဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရပြီဖြစ်ပြီး အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီကတော့ ကွာတားဖိုင်နယ်မှာ အက်စတွန်ဗီလာ ဒါမှမဟုတ် ကလပ်ဘရုနဲ့ ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခဲ့တဲ့ အာနိုးလ်ဟာ ပွဲပြီးဆုံးချိန်အထိ ကစားခွင့်မရခဲ့ဘဲ ဒဏ်ရာပြဿနာကြောင့် ပွဲကစားချိန် ၇၃ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် ကွင်းဘေးမှာပဲ ဆေးကုသမှုခံယူခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးအတွက်နောက်ထပ် ထိုးနှက်ချက်တစ်ခုအနေနဲ့ နောက်ခံလူ အီဘရာဟီမာကိုနာတေးကလည်း အချိန်ပိုမိနစ်မှာ ပွဲကိုဆက်ကစားနိုင်ခြင်းမရှိလို့ လူစားလဲခဲ့ရပါသေးတယ်။ 

ကာရာဘောင်ဖလားဗိုလ်လုပွဲကစားဖို့ ၅ ရက်သာလိုတော့ပေမယ့် စလော့က အာနိုးလ်ဟာ အဆိုပါပွဲစဉ်ကို လွဲချော်နိုင်ချေရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ စလော့က "သူဆက်မကစားနိုင်လို့ ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်။ ဒါက ကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ ပြီးတော့ သူဒဏ်ရာရသွားတဲ့ပုံစံကလည်း ဆိုးပါတယ်။ ဒါကြောင့် တနင်္ဂနွေနေ့ပွဲမှာ သူကစားနိုင်မယ်ဆိုရင် ကျွန်တော့်အတွက် အံ့အားသင့်စရာဖြစ်လာမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ စလော့က အချိန်ပိုမှာ လူစားလဲခဲ့ရတဲ့ ကိုနာတေးနဲ့ပတ်သက်ပြီး "ကျွန်တော် သူ့ရဲ့အခြေအနေကိုလည်း မေးကြည့်ရပါဦးမယ်။ သူက ဒဏ်ရာရတာတော့မဟုတ်ပါဘူး။ ပွဲပန်းတာပိုဖြစ်နိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ အာနိုးလ်ဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးကိုအနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲကိုလည်း ဒဏ်ရာကြောင့် လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ လောလောဆယ် အာနိုးလ်နေရာမှာ အစားထိုးရမယ့်နောက်ခံလူ ကော်နာဘရက်ဒ်လေကလည်း ဒဏ်ရာမှ သက်သာကာစပဲရှိနေသေးလို့ အန်းစလော့အတွက် ခေါင်းကိုက်စရာဖြစ်လာဖို့ရှိနေပါတယ်။ 

တစ်ဖက်က နယူးကာဆယ်ကလည်း ဒဏ်ရာပြဿနာတွေကြောင့် အဆိုပါပွဲစဉ်မှာ ကစားသမားအချို့ကို ထည့်သွင်းအသုံးပြုနိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။ ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတဲ့ အန်တိုနီဂေါ်ဒွန်ဟာ ပွဲပယ်ပြစ်ဒဏ်ကျခံသွားရမှာဖြစ်သလို၊လူးဝစ်ဟောလ်ကလည်း ရာသီကုန်အထိ အနားယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆဗန်ဘော့မန်းနဲ့ လက်စ်စဲလက်စ်တို့ကလည်း ဒဏ်ရာကြောင့် လီဗာပူးနဲ့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။