The network connection is lost.

Banner Image

ရှုံးပွဲအတွက် လီဗာပူးအသင်းရဲ့အမှားတွေကို ဝေဖန်ပြစ်တင်လိုက်တဲ့ အန်းစလော့

အန်းစလော့က ဖူလ်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးအသင်းရဲ့ပထမပိုင်းပွဲချိန်အမှားတွေကို ပြစ်တင်ဝေဖန်လိုက်ပေမယ့် သူ့အသင်းရဲ့တစ်ပွဲလုံးစာစွမ်းဆောင်ရည်ကိုတော့ ချီးကျူးသွားပါတယ်။

ယမန်နေ့၊ ကရာဗန်ကော့တေ့ချ်ကွင်းအတွင်း ဖူလ်ဟမ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကာတစ်ဂျုံးစ်၊ ရော်ဘတ်ဆန်တို့ရဲ့ပထမပိုင်းပွဲချိန်အမှားအယွင်းတွေက လီဗာပူးအတွက်ပေးဆပ်မှုကြီးမားစေခဲ့ပါတယ်။ ပွဲချိန်အစောပိုင်းမှာပဲ မက်အယ်လစ္စတာက ဧည့်သည်တွေအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဖူလ်ဟမ်တို့ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ၁၄ မိနစ်အတွင်းမှာတင် သုံးဂိုးပြန်လည်သွင်းယူသွားပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာ ဒီယက်ဇ်က လီဗာပူးအတွက် ချေပဂိုးတစ်ဂိုး ရှာဖွေပေးပေမယ့် အဆုံးမှာတော့ မာကိုဆေးလ်ဗားရဲ့အသင်းကသာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ရှုံးနိမ့်မှုအပြီး Sky Sports နဲ့တွေ့ဆုံချိန် ကြိုးကြာနီနည်းပြအန်းစလော့က “ သုံးဂိုးအထိ ပြန်ပေးလိုက်ရတဲ့ ၁၄ မိနစ်တာကာလတော့ အတော်လေးခက်ခဲတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဖူလ်ဟမ်ပိုင်ဆိုင်ထားတဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ အဆုံးသတ်ပိုင်းမှလွဲလို့ ဒီအခိုက်အတန့်က ကျွန်တော်တို့ရဲ့အမှားတွေနဲ့ပဲ အဓိကသက်ဆိုင်ပါတယ်။ ယေဘုယျအားဖြင့် အဲ့ဒီလိုအမှားတွေကို ကျွန်တော်တို့ အများကြီးကျူးလွန်လေ့ မရှိပါဘူး။ အခုတော့ တစ်ပွဲတည်းမှာတင် သုံးကြိမ်အထိ ကျူးလွန်မိခဲ့တယ်။

ကျွန်တော်တို့အသင်းရဲ့ဒုတိယပိုင်းပွဲချိန်ခြေစွမ်းပိုင်းက အရမ်းကောင်းမွန်ပေမယ့် ပထမပိုင်းပွဲချိန်မှာတင် သုံးဂိုးခွင့်ပြုပေးထားရတဲ့ အခြေအနေတွေကြောင့် နိုင်ပွဲရှာဖွေဖို့ဆိုတာ အလွန်ခက်ခဲသွားပါတယ်။  အဆုံးသတ်မှာ ကျွန်တော်တို့အတွက် တတိယမြောက်ဂိုးရှာဖွေဖို့ အချိန်နည်းပါးသွားခဲ့ပါတယ်။ လူတွေကတော့ သူတို့ရဲ့အလုပ်ဖြစ်တဲ့ ဇာတ်လမ်းတွေ ရေးဖွဲ့နေကြဦးမှာပါပဲ။ ဖူလ်ဟမ်နဲ့ရင်ဆိုင်ကစားဖို့ဆိုတာ အသင်းတိုင်းအတွက် ခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ဒုတိယပိုင်းစွမ်းဆောင်ရည်ကတော့ အံ့ဖွယ်ထူးခြားလွန်းပါတယ်။ ကျွန်တော်တို့တွေ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အဆုံးမှာတော့ အသင်းကိုကယ်တင်နိုင်ဖို့ အချိန်မရှိတော့ပါဘူး”လို့ ပြောပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာလည်း ဒတ်ချ်လူမျိုးနည်းပြက သူ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းကို အကာအကွယ်ပေးပြောကြားခဲ့ပါတယ်။ အန်းစလော့က “ ခြုံပြီးပြောရရင်တော့ ပွဲကောင်းတစ်ခုကို ကစားခဲ့တယ်လို့ ထင်ပါတယ်။ ပုံစံတစ်မျိုးနဲ့စတင်ပြီး နောက်ပုံစံတစ်မျိုးနဲ့ အဆုံးသတ်ခဲ့မှုအပေါ် ကျွန်တော်တို့က ပွဲအတွင်းမှာမြင်တွေ့ခဲ့သလိုမျိုးပဲ အခုပွဲစဉ်အတွက် ပြင်ဆင်ထားခဲ့ပါတယ်။ ကျွန်တော်တို့က ကြာသပတေးညပိုင်းမှာ ရှေ့ပွဲကစားခဲ့ရတာပါ။ တောင်းဆိုမှုများပြားတဲ့ ပွဲစဉ်တစ်ခုပေါ့။ ဒီအတွက် ပြိုင်ဘက်ထက် အနားယူချိန် ၂၄ နာရီလောက် နည်းပါးခဲ့ပါတယ်။

အခုက ပြိုင်ဘက်ပရိသတ်တွေနဲ့ ပွဲကြီးပွဲကောင်းတစ်ခုပါ။ နေသာနေလို့ ကွင်းလည်း ခြောက်သွေ့နေခဲ့တယ်။ သူတို့တွေက ပွဲရဲ့အရှိန်အဟုန်က ချပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက်တော့ ပြီးပြည့်စုံတဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခြုံပြီးပြောရမယ်ဆိုရင် ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့အတွက် အနိုင်ရရလဒ်ရရှိဖို့ လုံလောက်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ ၂၀ ကြိမ်ထက်မနည်း ကန်သွင်းခဲ့ပြီး ပျောက်ဆုံးနေတဲ့တစ်ခုတည်းသောအရာကတော့ ဂိုးသွင်းယူနိုင်မှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ပွဲလုံးစာစွမ်းဆောင်ရည်ပိုင်းကိုတော့ ကျေနပ်အားရမိပါတယ်”လို့ ပြောပါတယ်။

အန်းစလော့ရဲ့အသင်းက တနင်္ဂနွေနေ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် အာဆင်နယ်ရဲ့စနေနေ့သရေပွဲစဉ်ကြောင့် အမှတ်ပေးဇယားကို ၁၁ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်ထားပါတယ်။ သူတို့တွေက အခုသီတင်းပတ်ကုန်၊ အန်ဖီးလ်ကွင်းမှာ ဝက်စ်ဟမ်းကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဧည့်ခံကစားရပါမယ်။