အိမ်ပြန်ဖို့ အဆင်သင့်မဖြစ်ခဲ့ဘူးလို့ ဆိုလိုက်တဲ့ အာဂျင်တီးနားပယ်နယ်တီဟီးရိုး အီမီမာတီနက်ဇ်
ဒီနေ့မနက်ပိုင်း၊ အီကွေဒေါကို အနိုင်ယူခဲ့တဲ့ အာဂျင်တီးနားရဲ့ ကိုပါအမေရိကကွာတားဖိုင်နယ်ပွဲစဉ် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုမှာ အသင်းအတွက် ကယ်တင်ရှင်ဖြစ်လာမယ့်အခွင့်အရေးကို ဂိုးသမားအီမီမာတီနက်ဇ် အမိအရဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ အသင်းခေါင်းဆောင်မက်ဆီရဲ့ဗွေဆော်ဦးပယ်နယ်တီ လွဲချော်သွားပြီးနောက် ဂိုးသမားက ပြိုင်ဘက်ရဲ့အရေးပါတဲ့ပယ်နယ်တီကန်သွင်းမှုနှစ်ကြိမ်ကို ကာကွယ်ပေးကာ အသင်းကို မထူပေးခဲ့ပါတယ်။
တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့ သာမန်ပွဲကစားချိန်ပြီးဆုံးပြီးနောက် မာတီနက်ဇ်က မီနာ၊ မင်ဒါတို့ရဲ့ပယ်နယ်တီကန်သွင်းမှုနှစ်ကြိမ်ကို ကာကွယ်ပေးခဲ့ပြီး လက်ရှိချန်ပီယံအာဂျင်တီးနား အသင်းကို ဆီမီးဖိုင်နယ်တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အီကွေဒေါကပ္ပတိန်ဗလန်စီယာရဲ့အစောပိုင်းပယ်နယ်တီလွဲချော်ချိန်မှာလည်း ကွင်းတွင်းပရိသတ်ကြီးဆီ လှည့်ကာ အောင်ပွဲခံခဲ့တဲ့ အသက်-၃၁ နှစ်အရွယ်ဂိုးသမားက ပယ်နယ်တီအဆုံးအဖြတ်မတိုင်ခင်အထိ ရှုံးနိမ့်မှုဆိုတာ ရွေးချယ်စရာတစ်ခု မဟုတ်ခဲ့ဘူးဆိုတာ အသင်းဖော်တွေဆီ ရှင်းရှင်းလင်းပြောခဲ့ပါတယ်။
အခုပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆု ရရှိပြီးနောက် မာတီနက်ဇ်က “ကျွန်တော်ကိုယ်တိုင်လည်း အိမ်ပြန်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အသင်းဖော်ကောင်လေးတွေဆီ ပြောခဲ့ပါတယ်။ သူတို့တွေလည်း အဆင်သင့်မဖြစ်သေးပါဘူး။ ကျွန်တော်တို့က ကမ္ဘာ့ချန်ပီယံဖြစ်သလို တောင်အမေရိကချန်ပီယံလည်း ဖြစ်ပါတယ်။ ဒီအသင်းက နောက်တစ်ဆင့်တက်လှမ်းဖို့ ထိုက်တန်ခဲ့ပါတယ်။ ပရိသတ်ကြီးထဲမှာ ကျွန်တော့်မိသားစုဝင်တွေနဲ့ အာဂျင်တီးနားပြည်သူတွေ အများကြီးရှိနေလို့ ကျွန်တော် အခုလိုမျိုးတွေ ကာကွယ်နိုင်ခဲ့တာပါ။ ပရိသတ်တွေမြင်ချင်တဲ့ပုံစံမျိုး မကစားနိုင်ခဲ့ပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
မာတီနက်ဇ်က ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းချိန်တိုင်းမှာ ယုံကြည်မှုအပြည့်ရှိနေသူတစ်ဦး ဖြစ်ပါတယ်။ ပြင်သစ်အသင်းကို အနိုင်ယူခဲ့တဲ့ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအပါအဝင် အာဂျင်တီးနားအသင်းနဲ့အတူ ပယ်နယ်တီအဆုံးအဖြတ်ခံယူရတဲ့ လေးကြိမ်လုံးကို အနိုင်ရရှိအောင် အက်စတွန်ဗီလာဂိုးသမား စွမ်းဆောင်ထားနိုင်ပါတယ်။
မာတီနက်ဇ်က “ ဒါမျိုးကာကွယ်နိုင်ဖို့ လေ့ကျင့်ရေးကွင်းမှာ တစ်နေ့ကို အကြိမ် ၅၀၀ လောက် လေ့ကျင့်ခဲ့ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးပုံစံမှာရှိနေဖို့ ကျွန်တော်ကြိုးစားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်က ဒီလိုအရာတွေနဲ့ထိုက်တန်သလို ပရိသတ်တွေကလည်း ငွေတွေ အများကြီးသုံးစွဲပြီး ကျွန်တော်တို့ကို လာရောက်ကြည့်ရှုအားပေးရလို့ ဖြစ်ပါတယ်”လို့ ဆက်ပြောပါတယ်။
ရိုဒရီဂိုဒီပေါလ်ကလည်း ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန် နောက်ထပ်စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းဖော်ဟာ ချီးကျူးမှုတွေနဲ့ ထိုက်တန်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီပေါလ်က “အမှန်တော့ မာတီနက်ဇ်လုပ်ပြနေတဲ့အရာတွေက ရူးလောက်စရာပါပဲ။ သူနဲ့ တကယ့်ကို ထိုက်တန်မှုအပြည့်ရှိပါတယ်။ နိုင်ငံ့လက်ရွေးစင်ဂျာစီဝတ်ဆင်ရတာကိုလည်း သူကြိုက်ပါတယ်။ သူက ကျွန်တော်တို့အတွက် စိတ်အေးချမ်းမှုနဲ့ လုံခြုံမှုတွေ အများကြီး ပေးစွမ်းပါတယ်။ ကျွန်တော်တို့လည်း သူ့အတွက် အလားတူပုံစံမျိုး လုပ်ဆောင်ပေးဖု့ိ ကြိုးစားပါတယ်။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ အခိုက်အတန့်တွေမှာတော့ သူက အမြဲတမ်းအသင့်ရှိနေပါတယ်”လို့ ဆိုပါတယ်။
နိုင်ငံ့အတွက် ၁၆ ကြိမ်မြောက် ကိုပါအမေရိကအောင်ပွဲရယူပေးဖို့ မျှော်လင့်နေတဲ့ အာဂျင်တီးနားက ဆီမီးဖိုင်နယ်အဆင့်မှာ ကနေဒါ(သို့မဟုတ်)ဗင်နီဇွဲလားနဲ့ ရင်ဆိုင်ကစားရပါမယ်။