The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ အမြန်ဆုံးသက်တမ်းတိုးလိုကြောင်း ဖွင့်ဟလာတဲ့ ဗင်နီစီးယက်စ်

ဆော်ဒီပရိုလိဂ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်က သူဟာ အသင်းမှာအလွန်ပျော်ရွှင်နေကြောင်း ပြောကြားလာခဲ့ပြီး တတ်နိုင်သလောက် စာချုပ်သက်တမ်းအမြန်တိုးလိုကြောင်း ဖွင်ဟလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆန်တီယာဂိုဘာနေဗျူးသို့စတင်ရောက်ရှိလာခဲ့တဲ့ ဗင်နီစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၂ ကြိမ်တို့ကိုဆွတ်ခူးထားနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ရီးရဲလ်ဘက်တစ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ဘရာဇီးသားရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ ပွဲ ၃၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး  အသက်-၂၄ နှစ်သားဟာ စုစုပေါင်း ၁၀၂ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ 

မြို့ခံပြိုင်ဘက် အက်သလက်တီကိုနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မတိုင်မီမှာ ဗင်နီစီးယက်စ်က "ကျွန်တော်က ကျွန်တော့်အိပ်မက်ထဲကအတိုင်း ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေနဲ့ တွဲကစားခွင့်ရထားပါတယ်။ ပြီးတော့ အကောင်းဆုံးနည်းပြ၊ အကောင်းဆုံးဥက္ကဌတို့နဲ့ လက်တွဲအလုပ်လုပ်နေရပါတယ်။ ဒီမှာရှိတဲ့လူတိုင်းက ကျွန်တော့်ကိုချစ်ပါတယ်။ ဒီထက်ပိုကောင်းတဲ့နေရာဆိုတာ ရှိလာမှာမဟုတ်ပါဘူး" 

"ကျွန်တော့်ရဲ့စာချုပ်က ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်လို့ လောလောဆယ်မှာတော့ ဘာမှမဖြစ်သေးပါဘူး။ ဒါပေမယ့် စာချုပ်သက်တမ်းတိုးဖို့ကိစ္စကိုတော့ တတ်နိုင်သလောက် မြန်မြန်လေးအကောင်အထည်ဖော်ချင်ပါတယ်။ ကျွန်တော်ဒီမှာနေရတာ အရမ်းပျော်နေလို့ပါ" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၂၄ ခုနှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးထားနိုင်တဲ့ ကစားသမားက သူ့ရဲ့ငယ်ဘဝအိပ်မက်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုဆွတ်ခူးနိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။

ဘရာဇီးသားက "ကျွန်တော့်ရဲ့အိပ်မက်က ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာဖို့ပါ။ အခုတော့ ကျွန်တော့်ရဲ့သမိုင်းကို ကျွန်တော်ကိုယ်တိုင်ရေးနေပါပြီ။အောင်မြင်မှုတွေ အတော်အတန်ဆွတ်ခူးထားပေမယ့် အခုထက်ပိုပြီး အောင်မြင်ဖို့နဲ့ ကလပ်ရဲ့သမိုင်းမှာမှတ်ကျောက်တင်နိုင်ဖို့ ကြိုးစားသွားပါဦးမယ်။ ကလပ်ရဲ့ဂန္ထဝင်ကစားသမားတစ်ယောက်ဖြစ်ချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။