
ဘက်တစ်နဲ့သရေကျပြီး အခွင့်အရေးဆုံးရှုံးသွားလို့ ခံရခက်နေတဲ့ အရူဂျို
ဘာစီလိုနာ နောက်ခံလူ ရော်နယ်အရူဂျိုက ယနေ့နံနက် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘက်တစ်နဲ့ ၁-၁ သရေကျပြီးနောက် "ခံစားရခက်တဲ့ အရသာ" ကျန်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဟန်ဆီဖလစ်ရဲ့အသင်းဟာ ကွင်းလယ်ကစားသမား ဂါဗီရဲ့စောစောစီးစီး ဦးဆောင်ဂိုးကြောင့် နိုင်ပွဲထပ်ရဖို့ လမ်းကြောင်းပေါ် ရောက်နေခဲ့ပါတယ်။
ဒါပေမဲ့ ဘက်တစ်အတွက် ချေပဂိုးကို နသန်က ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ဘာစီလိုနာတို့ သရေကျခဲ့ပါတယ်။ ပွဲအပြီးမှာ ဥရုဂွေးလက်ရွေးစင် အရူဂျိုက သုံးမှတ် မရခဲ့တဲ့အပေါ် သူ့ရဲ့စိတ်ပျက်အားငယ်မှုကို ဖော်ပြခဲ့ပါတယ်။ အရူဂျိုက"သုံးမှတ်ရချင်လို့ ခံစားရခက်ပါတယ်။ တစ်မှတ်ရခဲ့တာကတော့ အပေါင်းလက္ခဏာဆောင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရမှတ်တွေ ဆက်ပြီး စုဆောင်းနေလို့ပါ။ လေးမှတ်ရခဲ့ပြီးပြီဆိုတော့ ဆက်ကြိုးစားသွားရပါမယ်" လို့ ပြောပါတယ်။
အရူဂျိုက လိဂ်ပွဲစဉ်တွေမှာ တစ်ပွဲပြီးတစ်ပွဲသာ အာရုံစိုက်ကစားသွားမယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။ "ဒီလိဂ်ကို တစ်ပွဲချင်းစီပဲ ချဉ်းကပ်ပါတယ်။ ပြိုင်ဘက်တွေကို လုံးဝမကြည့်ပါဘူး။ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပေမယ့် တစ်ပွဲချင်းစီပဲ သွားပါမယ်။ အနိုင်မရနိုင်တဲ့အခါ မရှုံးတာကလည်း ကောင်းပါတယ်" လို့ အရူဂျိုက ဆိုပါတယ်။