
နည်းပြဟောင်းဖြစ်သူကို ချီးကျူးစကားဆိုလိုက်တဲ့ ယူနိုက်တက်စတား
ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီက လက်ရှိနည်းပြ အာမိုရင်ဟာ နည်းပြကောင်းတစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်ပေမယ့် လာမယ့်နွေမှာ အသင်းကနေ အပြီးသတ်ထွက်ခွာချင်တယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ်သားဟာ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက ဘက်တစ်အသင်းထံ အငှားထွက်ကစားခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတစ်ရပ်ပြသနိုင်ခဲ့ပါတယ်။
အဆိုပါအခြေအနေကြောင့် ဘရာဇီးသားအနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာဖို့လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ ဘက်တစ်အသင်းဘက်က အန်တိုနီကို အငှားသက်တမ်းတိုးခဲ့တဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ပေါင်သန်း ၃၀ နဲ့အပြီးသတ်ရောင်းချချင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အန်တိုနီကို ၂၀၂၂ တုန်းက အေဂျက်အသင်းထံကနေ ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုတော့ အရှုံးခံပြီးရောင်းချရတော့မှာဖြစ်ပါတယ်။
ဘက်တစ်ဘက်က ယူနိုက်တက်လိုချင်တဲ့တန်ကြေးကို ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင် ပေးချေနိုင်မှာဖြစ်ပါတယ်။ “ကျွန်တော် အာမိုရင်နဲ့ အချိန်တိုတိုလေး အလုပ်တွဲလုပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူကအရမ်းကောင်းပြီး ဉာဏ်ရှိတဲ့နည်းပြပါ။ ယူနိုက်တက်က ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရတာပါ။ ဒါပေမယ့် သူက နည်းပြကောင်းတစ်ဦးပါ။ ကျွန်တော် နဲ့ သူ့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် စိန်ခေါ်မှုအသစ်တွေလိုအပ်ပါတယ်။ သူကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”လို့ အန်တိုနီက ဖြေကြားခဲ့ပါတယ်။
ဘရာဇီးသားဟာ ယူနိုက်တက်ကနေထွက်ခွာဖို့ များနေပြီး ဘက်တစ်အသင်းဘက်က တတ်နိုင်မလားဆိုတာပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်ရှိဘက်တစ်အသင်းဟာ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဗီလာရီးရဲလ်ကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ အန်တိုနီကတော့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။