The network connection is lost.

Banner Image

ရူဘီလက်စ်အတွက် ဘုရားကျောင်းမှာ တံခါးပိတ်ပြီး အစာငတ်ခံဆန္ဒပြနေတဲ့ မိခင်ဖြစ်သူ အိန်ဂျယ်ဘီဂျာ

စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရူဘီလက်စ်၏ မိခင်ဖြစ်သူ အိန်ဂျယ်ဘီဂျာသည် ဘုရားကျောင်းတွင် တံခါးပိတ်ထားပြီး ၎င်း၏သားဖြစ်သူ စွပ်စွဲခံရခြင်းမှ လွတ်မြောက်သည်အထိ အစာငတ်ခံဆန္ဒပြမှု စတင်ခဲ့ကြောင်း စပိန်သတင်းများအရ သိရပါတယ်။

အသက် ၄၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရူဘီလက်စ်ဟာ ယခုလအစောပိုင်းက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်းကအင်္ဂလန်ကို အနိုင်ရပြီးနောက် အမျိုးသမီးတိုက်စစ်ကစားသမားဖြစ်သူ ဟာမိုဆို၏ သဘောဆန္ဒမပါဘဲ နမ်းခဲ့ခြင်းအတွက် တစ်ကမ္ဘာလုံးက ပြစ်တင်ရှုတ်ချခဲ့သော်လည်း ၎င်း၏ရာထူးတွင် ဆက်လက်ထမ်းဆောင်ဆဲဖြစ်ပါတယ်။

ရူဘီလက်စ်အား ရာထူးမှ နုတ်ထွက်ရန် မျှော်မှန်းထားသည့် လွန်ခဲ့သည့်သောကြာနေ့တွင် အရေးပေါ်စည်းဝေးပွဲတစ်ခုအား ခေါ်ဝေါ်ခဲ့သော်လည်း ၎င်းအစား ၎င်း၏ဝေဖန်သူများကို ပြန်လည်ပြစ်တင်ဝေဖန်ကာ ရာထူးမှထွက်မည် မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်သည် ဟာမိုဆိုအား ၎င်း၏ စွပ်စွဲချက်များကို တရားဥပဒေအရပြန်လည် အရေးယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သူမအား ရူဘီလက်စ် နမ်းသည့်အချိန်တွင် အလိုက်သင့်နေခဲ့သည့်အပြင် ခြေထောက်များမြှောက်ပြီး ပြုံးရွင်စွာနှင့် ပြန်လည်တုံ့ပြန်ခဲ့တဲ့ မှတ်တမ်းများကို တင်ပြခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ဟာ စပိန်အက်ဖ်အေနှင့် စပိန်အမျိုးသမီးကစားသမားများအတွက် ပူပူနွေးနွေးရရှိထားသော အကြီးမားဆုံးအောင်ပွဲကို ပိုမိုစက်ဆုပ်သွားစေခဲ့ပါတယ်။ ယခု ဖြစ်ရပ်များတွင် အခြားသော လှည့်ကွက်များရှိနေပြီး ရူဘီလက်စ်၏ မိခင်ဖြစ်သူ အိန်ဂျယ်ဘီဂျာကလည်း "ငါ့သားကို လူမဆန်စွာနဲ့ သွေးထွက်သံယိုအဖြစ်အပျက်တွေ ဖြစ်အောင် စွပ်စွဲခဲ့တဲ့ စုန်းမ အတွက် အဖြေမရှာမချင်း အစာငတ်ခံ ဆန္ဒပြမယ်"လို့ ကြေညာထားကြောင်းသိရပါတယ်။

စပိန်သတင်းစာအေဂျင်စီ EFE ၏အဆိုအရ အိန်ဂျယ်ဘီဂျာ နှင့် သူမ၏ခယ်မတို့သည် တနင်္လာနေ့နံနက်တွင် ဂရန်နာဒါရှိ ဒီဗီနာ ဘရားကျောင်းထဲသို့ ဝင်သွားခဲ့ပြီး ရူဘီလက်စ်ကို စွပ်စွဲခဲ့သည့်ဖြစ်ရပ်အတွက် ဟာမိုဆိုက အမှန်အတိုင်းပြောသည်အထိ ဘုရားကျောင်းတွင် ရက်အကန့်အသတ်မရှိ နေ့ရောညပါ အစာမစားဘဲ ဆန္ဒပြသွားမည်ဖြစ်ကြောင်းပြောခဲ့ပါတယ်။

အိန်ဂျယ်ဘီဂျာ၏ တူမဖြစ်သူက ဖတ်ကြားသည့် ကြေငြာချက်တွင် “နှစ်ဘက်စလုံးရဲ့ သဘောတူညီချက်ကြောင့် လိင်ပိုင်းဆိုင်ရာ ရန်လိုမှုမျိုး မရှိပါဘူး။ ငါ့သားက ဘယ်သူ့ကိုမှ ဒုက္ခမပေးနိုင်ဘူး။ အမေတစ်ယောက်အနေနဲ့ ထိခိုက်စေနိုင်တဲ့ အခြေအနေတစ်ခုမို့ လူတိုင်းကို နားလည်ပေးဖို့ တောင်းဆိုပါတယ်"လို့ ပြောခဲ့ပါတယ်။

အခြေအနေကိုဖြေရှင်းရန် ဘုရားကျောင်းသို့ ရဲခေါ်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တနင်္လာနေ့ မွန်းလွဲပိုင်းတွင် စပိန်ဘောလုံးအဖွဲ့ချုပ်မှ နောက်ထပ် အရေးပေါ်အစည်းအဝေးခေါ်ပြီး ရူဘီလက်စ်နှင့် ပတ်သက်သည့် နောက်ထပ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ နောက်ဆုံး စည်းဝေးပွဲ၏ ရည်ရွယ်ချက်ကို မသိရသေးသော်လည်း စပိန်အသံလွှင့်ဌာန Onda Cero က စပိန်ဘောလုံးအဖွဲ့ချုပ်သည် ၎င်းတို့၏ ဥက္ကဌ ရူဘီလက်စ်၏ ကိစ္စကို အဆုံးသတ်ရန် နောက်ထပ် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်နေပြီဟု ဖော်ပြထားပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ နောက်ဆုံးအကြံအစည်မှာ စပိန်ကလပ်များနှင့် နိုင်ငံအသင်းအား ဥရောပပြိုင်ပွဲများမှ ဆိုင်းငံ့ထားရန် ဒုတိယဥက္ကဋ္ဌက ယူအီးအက်ဖ်အေထံ တင်ပြထားကြောင်းသိရပါတယ်။ စပိန်ကလပ်များအတွက် ဥရောပမှ ထုတ်ပယ်ခံရသည့်  အလားအလာရှိသော ခြိမ်းခြောက်မှုသည် ရူဘီလက်စ်အား အစိုးရမှ အရေးယူမှုရပ်ဆိုင်းရန် ယူအီးအက်ဖ်အေက လှုံ့ဆော်ပေးမည်ဟု စပိန်ဘောလုံးအဖွဲ့ချုပ်က မျှော်လင့်ထားသော်လည်း ယူအီးအက်ဖ်အေသည် ယခုအချိန်အထိ ယင်းကိစ္စနှင့် ပတ်သက်၍ နှုတ်ဆိတ်နေပြီး ယင်းကဲ့သို့ အကူအညီပေးလိမ့်မည်မဟုတ်ကြောင်းသိရပါတယ်။