
ရီးရဲလ်မက်ဒရစ်နဲ့ ဘာပြဿနာမှမရှိပါဘူးလို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက ကလပ်အသင်းနဲ့ပတ်သက်ပြီး သူ့အတွက် ပြဿနာတစုံတရာ ဘယ်တုန်းကမှမရှိခဲ့သလို ဘရာဇီးလက်ရွေးစင်အသင်းဆီထွက်ခွာမှုအပေါ် အကျယ်တဝင့်မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။
တနင်္လာနေ့မှာပဲ ဘရာဇီးဘောလုံးအဖွဲ့ချုပ်(CBF)က အသက်-၆၅ နှစ်အရွယ်နည်းပြကြီးကို လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်မယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပြီး မက်ဒရစ်ဘက်မှာတော့ တစုံတရာထုတ်ပြန်လာခြင်း မရှိခဲ့ပါဘူး။ အီတာလျံသားကြီးရဲ့ဘရာဇီးခရီးစဉ်က ဆိုစီဒက်နဲ့ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီနောက်ဆုံးပွဲစဉ်အပြီး နောက်တစ်ရက်ဖြစ်တဲ့ မေ ၂၆ ရက်မှာပဲ စတင်သွားပါလိမ့်မယ်။
ရီးရဲလ်မက်ဒရစ်နဲ့ စပိန်ကွင်းလယ်လူဟောင်း ဇာဘီအလွန်ဆိုကတော့ ဆန်တီယာဂိုဘာနေဗျူးမှာ အန်ဆယ်လော့တီရဲ့နေရာကို ဆက်ခံသွားဖွယ် ရှိပါတယ်။ တနင်္လာနေ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အန်ဆယ်လော့တီက “ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော် မရှိနေဘူးဆိုရင် ပိုကောင်းပါလိမ့်မယ်။ အခုအချိန်မှာ ကျွန်တော် ရှင်းမပြနိုင်သေးတဲ့ကိစ္စတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ရီးရဲလ်မက်ဒရစ်အသင်းဆီမှာပဲ ရှိနေသေးပြီး ဒီကလပ်အသင်းအပေါ် လေးစားမှုရှိလို့ပဲ ဖြစ်ပါတယ်။
မေ ၂၆ ရက်မှစပြီး ကျွန်တော် ဘရာဇီးအသင်းနည်းပြ ဖြစ်လာပါလိမ့်မယ်။ ဒါက အလွန်အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အံ့အားသင့်ဖွယ်စွန့်စားခန်းအစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းကို ဒီကလပ်အသင်းမှာ ပြီးမြောက်အောင် လုပ်သွားချင်ပါတယ်။
ကျွန်တော်နဲ့ ရီးရဲလ်မက်ဒရစ်အကြား ဘယ်တုန်းကမှ ပြဿနာမရှိခဲ့သလို ဘယ်တော့မှလည်း ပြဿနာရှိလာမှာ မဟုတ်ပါဘူး။ကျွန်တော့်နှလုံးသားထဲမှာရှိတဲ့ မြတ်နိုးစရာအကောင်းဆုံးကလပ်အသင်းတစ်ခုပါ။ ဒါပေမယ့် ဘဝမှာ ဘယ်ကိစ္စမဆို အဆုံးသတ်ရမယ့်နေ့စွဲ ရှိပါတယ်။ ကျွန်တော့်ရဲ့လက်ကျန်ဘဝတွေကို ရီးရဲမက်ဒရစ်နည်းပြအဖြစ် မကုန်ဆုံးနိုင်ပါဘူး။ ဒါက အကြောင်းပြချက်များစွာအနက် တစ်ခုဖြစ်ပါတယ်။ ကလပ်အသင်းကိုယ်တိုင်လည်း တွန်းအားအသစ်တွေ လိုအပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီကိစ္စတွေကို အကျယ်တဝင့်မဖြစ်စေချင်ဘူး။
အသင်းကို ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားရပါလိမ့်မယ်။ ကျွန်တော်က အမြဲတမ်းရီးရဲလ်မက်ဒရစ်ပရိသတ်တစ်ဦးပါပဲ။ ခေတ်တစ်ခုရဲ့အဆုံးသတ်ပေါ့။ အံ့မခန်းပါပဲ။ ရီးရဲလ်မက်ဒရစ်ကို ခြောက်နှစ်လောက်ကိုင်တွယ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ အခုတော့ အဲ့ဒါမျိုးဖြစ်သွားပြီးပါပြီ”လို့ ပြောပါတယ်။
ရီးရဲမက်ဒရစ်ဘက်မှ တစုံတရာထုတ်ပြန်လာခြင်းမရှိမှုအပေါ် အန်ဆယ်လော့တီက “ လိုအပ်တယ်ဆိုရင် အသင်းဘက်က ကြေညာချက်တစ်ခု ထုတ်ပြန်ပေးပါလိမ့်မယ်။ ဘာပြဿနာမှ မရှိပါဘူး။ သင့်လျော်တယ်လို့ယူဆရင် သူတို့ ဒါကို လုပ်သွားပါလိမ့်မယ်”လို့ ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြဘဝသက်တမ်းနှစ်ကြိမ်အတွင်း အန်ဆယ်လော့တီက ချန်ပီယံလိဂ်ဆုဖလားသုံးကြိမ် အပါအဝင် ဆုဖလား ၁၅ လုံးအထိ အနိုင်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အန်ဆယ်လော့တီဦးဆောင်တဲ့အသင်းက ချန်ပီယံလိဂ်နဲ့ လာလီဂါမှာ ဗိုလ်စွဲနိုင်ခဲ့ပေမယ့် အခုဘောလုံးရာသီကိုတော့ဆုဖလားလက်မဲ့ဘဝနဲ့ပဲ ကုန်ဆုံးသွားဖို့ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြဘဝသက်တမ်းနဲ့ပတ်သက်လို့ အန်ဆယ်လော့တီက “အဆုံးသတ်ချိန်အထိ ကျွန်တော် ဒါကို အမှတ်ရသွားပါလိမ့်မယ်။ ကျွန်တော့်မှာ ကောင်းမွန်တဲ့အချိန် ရှိခဲ့သလို လူတိုင်းမှာလည်း ရှိနေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဆုံးသတ်ရမယ့်အချိန်တစ်ခုလည်း ရောက်ရှိလာပါလိမ့်မယ်။ ဘောလုံးက ဘဝလိုပဲ အစရှိရင် အဆုံးဆိုတာလည်း ရှိပါတယ်။ ကျွန်တော့်အတွက်တော့ ကောင်းမွန်တဲ့အချိန်ကာလတစ်ခုပါ။ ကျွန်တော်တို့တွေ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ဒါက ဘဝအတွက် အမှတ်တရဖြစ်စေပါမယ်။
အသင်းဆီ ဒုတိယအကြိမ်ပြန်ရောက်လာချိန် လေးနှစ်အတွင်း ဖလား ၁၁ လုံးယူပေးရမယ်လို့ ပြောလာရင်လည်း ကျွန်တော် ကျေကျေနပ်နပ်လက်ခံသွားမှာပါ။ ဒါက မမေ့နိုင်စရာ အချိန်ကာလတစ်ခုပါပဲ”လို့ ပြောပါတယ်။