
ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကော်တိုရစ်ပွဲထွက်ကစားသွားမယ်လို့ အတည်ပြုလာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက တနင်္ဂနွေနေ့မနက်မှာ ဒေါ့မွန်နဲ့ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အသင်းရဲ့ပွဲထွက် လူစာရင်းမှာ ဂိုးသမားကော်တိုရစ်ကို ထည့်သွင်းအသုံးပြုသွားမယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအားလုံးကို လွဲချော်ခဲ့ကာ ယခုအခါမှာတော့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဒေါ့မွန်နဲ့ပွဲစဉ်မှာတော့ ပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။
ကော်တိုရစ်မရှိချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ဂိုးသမားနေရာကို ကီပါနဲ့ လူနင်တို့က တာဝန်ယူထားခဲ့ကြပြီး မန်ချက်စတာစီးတီး၊ ဘိုင်ယန်မြူးနစ်တို့နဲ့တွေ့ဆုံခဲ့တဲ့ ကွာတားနဲ့ဆီးမီးဖိုင်နယ်ပွဲစဉ်တွေမှာ တာဝန်ကျေထားခဲ့ကြတာဖြစ်ပါတယ်။
သို့သော်လည်း ကော်တိုရစ်က ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီး ယခုလအတွင်း လာလီဂါပွဲစဉ် ၄ ပွဲစလုံးမှာ ပါဝင်ထားနိုင်ကာ လူနင်ကလည်း နေမကောင်းဖြစ်နေတာကြောင့် အန်ဆယ်လော့တီက ဘယ်လ်ဂျီယံသားကိုပဲ အသုံးပြုသွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက “လူနင်က တုပ်ကွေးဖြစ်နေပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အရန်ခုံမှာပဲရှိနေမှာဖြစ်ပြီး ကော်တိုရစ်က ပွဲထွက်ကစားသမားအဖြစ်ပါဝင်သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
ကော်တိုရစ်ဟာ ဒဏ်ရာကနေပြန်လည်သက်သာလာပြီးနောက် ရီးရဲလ်မက်ဒရစ်အတွက် ပြန်လည်ကစားရာမှာ လက်စွမ်းကောင်းကို ဆက်လက်ပြသထားနိုင်ဆဲဖြစ်ပြီး ယခုလအတွင်းကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၄ ပွဲမှာ ၄ ပွဲစလုံး ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အသက်-၃၂ နှစ်အရွယ်ဂိုးသမားဟာ ချန်ပီယံလိဂ်အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်က လီဗာပူးကိုအနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့စဉ်က ဗိုလ်လုပွဲမှာ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒေါ့မွန်နဲ့ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲမှာတော့ ကော်တိုရစ်အနေနဲ့ ဂိုးမပေးရအောင်ထပ်မံစွမ်းဆောင်ပြီး ရီးရဲလ်မက်ဒရစ်အတွက် ၁၅ ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးပေးသွားနိုင်မလား ဒါမှမဟုတ် ဒေါ့မွန်ကပဲ ချန်ပီယံဖြစ်သွားမလား စောင့်ကြည့်သွားရပါမယ်။