
အာနိုးလ်အနေနဲ့ များပြားလှတဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးလိုက်တဲ့ လီဗာပူးဂန္ထဝင်
လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်အယ်လ်ဒရစ်က အာနိုးလ်အနေနဲ့ ရီးရဲလ်အသင်းကိုပြောင်းရွှေ့ချိန်မှာ များပြားလှတဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အာနိုးလ်တစ်ယောက် ရီးရဲလ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ကာ စွမ်းဆောင်ရည်ကောင်းမပြနိုင်ခဲ့ရင် များပြားလှတဲ့ဝေဖန်မှုတွေရှိလာနိုင်တာဖြစ်ပါတယ်။
လက်ရှိရာသီအကုန်မှာ လီဗာပူးနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်သလို အသင်းကနေထွက်ခွာမယ်လို့လည်း အတည်ပြုထားခဲ့တာဖြစ်ပါတယ်။ အဆိုပါကြေညာမှုဟာ ပရိသတ်တွေ နဲ့ ဘောလုံးသုံးသပ်သူတွေကြားမှာ သရော်စရာဖြစ်နေပေမယ့် ဂျွန်က အာနိုးလ်ရဲ့စိန်ခေါ်မှုအသစ်ကို စမ်းကြည့်ချင်းတဲ့စိတ်ကို နားလည်ပေးနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၆၅ နှစ်သားက တကယ်လို့ အင်္ဂလန်သားအနေနဲ့ စွမ်းဆောင်ရည်ကောင်းမပြသနိုင်ရင် စပိန်မီဒီယာတွေဆီကနေ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
“ကျွန်တော် အာနိုးလ် လီဗာပူးကနေထွက်ခွာနိုင်တယ်ဆိုတာကို သိထားပြီးသားပါ။ အဲ့တာမျိုးကြားရမယ်ဆိုတာ ကျွန်တော်မျှော်လင့်ပြီးသားပါ။ အဲ့တာက ချိန်သားကိုက်ထွက်ပေါ်လာတာပါ။ ဒါကြောင့် ကျွန်တော်တော့ မအံ့သြမိပါဘူး။ ကျွန်တော့်ကို အချို့ပရိသတ်တွေ ဒေါသထွက်မယ်ဆိုတာ သိပါတယ်။ ပရိသတ်တွေက ပရိသတ်တွေပါ။ အချို့ကို တစ်ဖက်မှာမြင်ရမှာဖြစ်သလို အချို့က တဖက်ကို မြင်ရပါလိမ့်မယ်။
ကျွန်တော်က အလယ်မှာဖြစ်နေတာပါ။ ဒါပေမယ့် သူဘယ်လိုလုပ်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော် စပိန်မြေမှာ နှစ်အနည်းငယ်ကစားဖူးပါတယ်။ နေ့တိုင်း သတင်းစာတွေထွက်နေပြီး တစ်ပွဲလောက်ဆိုးဝါးခဲ့ပြီဆိုရင် ခင်ဗျားကိုအမဲဝိုင်းဖြတ်တော့တာပါပဲ”လို့ ဂျွန်က ဖြေကြားခဲ့ပါတယ်။ အာနိုးလ်ဟာ လီဗာပူးကစားသမားဘဝအဆုံးသတ်အဖြစ် ၃ ပွဲကန်ဖို့ကျန်နေပြီး ဘရိုက်တန် ၊ ပဲလေ့စ်တို့နဲ့ပွဲမတိုင်ခင် တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။