The network connection is lost.

Banner Image

မန်စီးတီးမှာဆက်နေဖို့ ဆုံးဖြတ်ချက်မချရသေးကြောင်း ဝန်ခံပြောကြားလာတဲ့ အယ်လ်ဗာရက်ဇ်

မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်က အသင်းမှာ အဓိကတိုက်စစ်မှူးအဖြစ် ကစားခွင့်မရတဲ့အပေါ် ကျေနပ်မှုမရှိကြောင်းနဲ့ အသင်းမှာဆက်နေဖို့ မနေဖို့ အနာဂတ်ကိုလည်း ဆုံးဖြတ်ချက်မချရသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလားတွေကို ဆွတ်ခူးရရှိထားတဲ့ ကစားသမားဟာ ယခုနွေရာသီအတွင်း မန်စီးတီးရဲ့ ၄ နှစ် သက်တမ်းတိုး စာချုပ်ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အသင်းကနေထွက်ခွာဖို့ အလားအလာများနေတာဖြစ်ပါတယ်။ အသက်-၂၄ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ကစားခဲ့ပြီး ၁၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

သို့သော်လည်း အယ်လ်ဗာရက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲအပါအဝင် အရေးကြီးတဲ့ ပွဲစဉ်တွေမှာတော့  အသင်းရဲ့ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်မရခဲ့ဘဲ နည်းပြပက်ဂွါဒီယိုလာက အာလင်းဟာလန်းကိုသာ ဦးစားပေးရွေးချယ်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနားသားအနေနဲ့ အသင်းရဲ့အပယ်ခံဖြစ်နေရတဲ့အပေါ်ကျေနပ်နိုင်ခြင်းမရှိဘဲ အနာဂတ်ကို စဉ်းစားလာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရေးဗားပလိတ်ကြယ်ပွင့်ဟောင်းဟာ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အာဂျင်တီးနားအသင်းနဲ့အတူ ပြင်သစ်မှာရောက်ရှိနေပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အယ်လ်ဗာရက်ဇ်က “ကျွန်တော် ဘာလုပ်မယ်ဆိုတာ အခုထိ ဆုံးဖြတ်ချက်မချရသေးပါဘူး။ ပြီးခဲ့တဲ့ရာသီကတော့ ကျွန်တော်ဟာ အသင်းအတွက် အများဆုံးကစားခွင့်ရခဲ့တဲ့ ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ပွဲတွေမှာတော့ ကျွန်တော်ပွဲထွက်လူစာရင်းမှာ မပါခဲ့ရတာအမှန်ပါပဲ။ ဆုံးဖြတ်ချက်ချဖို့ အချိန်ရှိပါသေးတယ်။ အိုလံပစ်ပြီးရင်တော့ ကျွန်တော်ဘာလုပ်ချင်လဲဆိုတာကို သေချာရှာဖွေသွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်ရဲ့အဓိက ချိတ်ဆက်ခြင်းကို ခံနေရပြီး စပိန်ကလပ်က အေစီမီလန်သို့ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူး အယ်လ်ဗာရိုမိုရာတာရဲ့နေရာမှာ အာဂျင်တီးနားသားကို အစားထိုးလိုနေတာဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်ဗာရက်ဇ်အနေနဲ့ မန်စီးတီးမှာပဲ ဆက်နေမလား အသင်းသစ်သို့ပြောင်းရွှေ့သွားမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။