
အန်ဖီးလ်ခရီးစဉ်မှာ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင် ပါဝင်လာလို့ ကျေနပ်အားရနေတဲ့ ဖရင်းပေါင်
အခုနွေရာသီကာလအတွင်း အန်ဖီးလ်ဆီ လေဗာကူဆင်အသင်းဖော်ဟောင်း ဖလော်ရီယန်ဝစ်ဇ်ရောက်ရှိလာလို့ ဖရင်းပေါင်တစ်ယောက် ဝမ်းသာပီတိဖြစ်နေပါတယ်။ လီဗာပူးအသင်းက လေဗာကူဆင်ကြယ်ပွင့်တွေဖြစ်တဲ့ ဖရင်းပေါင်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ကို အပြီးသတ်ခေါ်ယူထားမှုနဲ့အတူ အပြောင်းအရွှေ့ဈေးကွက်အတွင်း တက်တက်ကြွကြွပါဝင်လှုပ်ရှားလျက် ရှိပါတယ်။
ဒတ်ချ်နောက်ခံအစွန်လူက ပရီးမီးယားလိဂ်ချန်ပီယံတွေဆီ ကနဦးရောက်ရှိလာသူဖြစ်ပြီး ဖလော်ရီယန်ဝစ်ဇ်လည်း စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် အခုသီတင်းပတ်အစောပိုင်းမှာ အန်ဖီးလ်ဆီ ခြေချလာခဲ့ပါတယ်။ အန်ဖီးလ်ဆီ အသင်းဖော်ဟောင်းရောက်ရှိလာမှုနဲ့ပတ်သက် လို့ စိတ်လှုပ်ရှားနေတဲ့ ဖရင်းပေါင်က ဂျာမန်လက်ရွေးစင်ရဲ့အပြောင်းအရွှေ့ကြောင့် သူရဲ့ကစားသမားဘဝခရီးစဉ်သစ်ဟာ ပျော်ရွှင်စရာပိုကောင်းလာတယ်လို့ ပြောခဲ့ပါတယ်။ လတ်တလောမှာတော့ ဒီကစားသမားနှစ်ဦးလုံးက အားလပ်ရက်ကာလတွေကို အတူတကွဖြတ်သန်းနေပါတယ်။
ESPN သတင်းဌာနနဲ့တွေ့ဆုံချိန် အသက်-၂၄ နှစ်အရွယ်ဖရင်းပေါင်က “ ကျွန်တော်ကိုယ်တိုင်လည်း တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ လီဗာပူးအသင်းမှာ ပါဝင်ကစားရဖို့အတွက် တကယ်ကို မျှော်လင့်မိပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့သူငယ်ချင်းကောင်း ဖလော်ရီယန်ဝစ်ဇ်လည်း ဒီကလပ်အသင်းဆီ ရောက်ရှိလာပါပြီ။ ဒါကြောင့် ပိုပြီးတော့တောင် ပျော်ရွှင်မိပါတယ်။ လီဗာပူးမှာ ကျွန်တော့်ရဲ့နိုင်ငံ့လက်ရွေးစင်အသင်းဖော်အချို့လည်း ရှိပါတယ်။ ဒါကြောင့် ဒီအသင်းမှာ ပါဝင်ကစားဖို့အတွက် ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ ပွဲတွေပါဝင်ကစားဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး”လို့ ပြောပါတယ်။
မာဆေးဆိုဒ်ပရိသတ်တွေကိုယ်တိုင်လည်း ဖရင်းပေါင်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ လာမယ့်ဘောလုံးရာသီ၊ ကွင်းတွင်းမှာ ဘယ်လိုပုံစံမျိုး တွဲဖက်ကစားမလဲဆိုတာ စောင့်ကြည့်ချင်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီမတိုင်ခင်ကာလတွေမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုအသစ်တွေကို ဆက်လက်မျှော်လင့်နေပါလိမ့်မယ်။