
ပီအက်စ်ဂျီကိုရှုံးနိမ့်ခဲ့ခြင်းမှာ အသင်းကို စနစ်တကျမတည်ဆောက်ရသေးတာကြောင့်ဖြစ်တယ်လို့ဆိုတဲ့ အလွန်ဆို
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၄-၀ နဲ့ဂိုးပြတ်အရေးနိမ့်ပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက ပီအက်စ်ဂျီဟာ ပရောဂျက်တည်ဆောက်ပြီးအသင်းဖြစ်ပေမယ့် ရီးရဲလ်ကတော့ အခုမှစတင်တည်ဆောက်နေဆဲဖြစ်တယ်လို့ ကာကွယ်ပြောကြားလာခဲ့ပါတယ်။
အလွန်ဆိုက "ပွဲအစ ၁၀ မိနစ်အတွင်းမှာပဲ ကျွန်တော်တို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။အခြေအနေအရ ပီအက်စ်ဂျီဟာ အောင်မြင်တဲ့ပရောဂျက်တစ်ခုကိုတည်ဆောက်ပြီးဖြစ်သလို၊ ပရောဂျက်အပေါ်မှာ အတော်လေးအခြေခိုင်နေပါပြီ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်မှာတော့ အခုမှာ ပရောဂျက်အသစ်ကို စတင်တည်ဆောက်နေဆဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ နှစ်သင်းအကြားကွာဟချက်က ထင်ရှားသွားတာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စပိန်သားနည်းပြက "၁၀ မိနစ်အတွင်း ၂ ဂိုးပေးလိုက်ရတာက အသင်းအတွက် ထိုးနှက်ချက်အတော်လေးကြီးမားခဲ့ပါတယ်။ ပြီးတော့ ပထမပိုင်းမပြီးခင်မှာ တတိယဂိုးထပ်ပေးလိုက်ရတော့ စိတ်ဓာတ်ပိုင်းပါ ကျဆင်းသွားခဲ့ပါတယ်။ ပီအက်စ်ဂျီက ဒီနေ့မှာအရမ်းလည်းခြေစွမ်းကောင်းနေခဲ့လို့ အသင်းအတွက် ပိုခက်ခဲခဲ့ပါတယ်"
"အသင်းမှာ တိုးတက်နေတဲ့အပိုင်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဒီနေ့ကတော့ နာကျင်စရာရလဒ်နဲ့ကြုံတွေ့ခဲ့ရပြီး ကျွန်တော်တို့ရဲ့အင်အားစိုက်ထုတ်မှုက မလုံလောက်ခဲ့ပါဘူး။ အနာဂတ်မှာ ဒီထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးနဲ့ ကစားနိုင်ရမယ်ဆိုတာ ဒီပွဲက သက်သေပါပဲ။ အခုတော့ ဗိုလ်လုပွဲမရောက်ဘဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါပြီ။ ဒါက နာကျင်ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်ရဲ့ရလဒ်အရ ရီးရဲလ်မက်ဒရစ်ဟာ ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ကာ အိမ်ပြန်ရမှာဖြစ်ပြီး ပီအက်စ်ဂျီကတော့ ဗိုလ်လုပွဲမှာ ချဲလ်ဆီးနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားသွားရမှာဖြစ်လို့ ဆုဖလားကို ဆွတ်ခူးသွားနိုင်မလား ဆက်လက်စောင့်ကြည့်ရပါမယ်။