
လီဗာပူးအသင်းအတွက် မိုဆာလက် မလုပ်ပေးချင်တဲ့အရာကို ထုတ်ပြောလာတဲ့ အလီဆင်
ဘုန်းမောက်နဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပြီး တောက်ပတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ မိုဆာလက်နဲ့ပတ်သက်လို့ အီဂျစ်စတားကိုယ်တိုင် အသင်းအတွက် မလုပ်ပေးချင်တဲ့အရာတစ်ခုကို လီဗာပူးဂိုးသမားအလီဆင်ဘက်ကာက ထုတ်ဖော်ပြောပြခဲ့ပါတယ်။
ယမန်နေ့ညပိုင်း၊ ဘုန်းမောက်ကို အဝေးကွင်းမှာ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ကိုးမှတ်ဖြတ် ရပ်တည်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း မိုဆာလက်က အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အခုဆိုရင် တိုက်စစ်မှူးက ပရီးမီးယားလိဂ် ၂၃ ပွဲသာကစားထားရပေမယ့် ၂၁ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ စွမ်းဆောင်ကာ နောက်ထပ်အံ့အားသင့်စရာဘောလုံးရာသီတစ်ခုကို ဖန်တီးနေပါတယ်။
အလားတူ အလီဆင်ကလည်း အခုနိုင်ပွဲမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး သူ့ရဲ့အသင်းဖော်ကို ဂုဏ်ပြုချီးကျူးပေးနိုင်ဖို့ ပျော်ပျော်ရွှင်ရွှင်ထွက်ပေါ်လာခဲ့ပါတယ်။ မိုဆာလက်က အခုဘောလုံးရာသီကို အကောင်းမွန်ဆုံးဖြတ်သန်းနေပေမယ့် အလီဆင်ကတော့ ပွဲကစားချိန်အတွင်း အသက်-၃၂ နှစ်အရွယ်အီဂျစ်သား အမှန်တကယ်မကြိုက်လှတဲ့ အချက်အလက်အချို့ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် အလီဆင်က “ မိုဆာလက်ရဲ့ဒုတိယမြောက်သွင်းဂိုးက သူ့ရဲ့အရည်အသွေးကို ပြသနေပါတယ်။ ဒီလိုဂိုးမျိုးသွင်းယူပြီးချိန်တိုင်းမှာ အသင်းအတွက် မိုဆာလက် ဘယ်လောက်အရေးပါသလဲဆိုတာကို ကျွန်တော်တို့အားလုံး သိလာကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက အသင်းအတွက် သူ ဘယ်လောက်အထိကြိုးစားအားထုတ်ပေးသလဲဆိုတာကို အဓိကအာရုံစိုက်ဖော်ပြပေးရပါမယ်။ ခံစစ်ကိုအကြိမ်ကြိမ်ဆင်းကူပေးရတာမျိုး မိုဆာလက် သိပ်မကြိုက်ပါဘူး။ ဒါပေမယ့် သူက အခုပွဲစဉ်မှာ အသင်းအတွက် ခံစစ်အထိဆင်းပြီး ကူညီပေးခဲ့ပါတယ်”လို့ ပြောပါတယ်။
လတ်တလောမှာ မိုဆာလက်က သွင်းဂိုး ၁၇၈ ဂိုးဖြင့် ချဲလ်ဆီးဂန္တဝင်လမ်းပတ်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်သမိုင်းတလျှောက်သွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့အဆင့်-၆ နေရာဆီ တက်လှမ်းလာခဲ့ပါတယ်။ လက်ရှိမှာတော့ လီဗာပူးအသင်းက ပြည်တွင်းဖလားပြိုင်ပွဲတွေဆီ အာရုံစိုက်သွားရပါလိမ့်မယ်။ သူတို့တွေက လာမယ့်ကြာသပတေးနေ့မှာ တော့တင်ဟမ်ကို ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ဒု-ကျော့)ပွဲစဉ်အဖြစ် ဧည့်ခံကစားကာ ပထမအကျော့ရှုံးနိမ့်ထားမှုကို ချေဖျက်ပြဖို့ လိုအပ်နေပါတယ်။ ပြီးရင်တော့ လာမယ့်တနင်္ဂနွေနေ့မှာ ပလိုင်းမောက်နဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားသွားရပါမယ်။