The network connection is lost.

Banner Image

ကလပ်ဂန္တဝင်မိုဆာလက်အတွက် စာချုပ်သစ်တစ်ခုပေးဖို့ကိစ္စအပေါ် ထောက်ခံလိုက်တဲ့ မက်အယ်လစ္စတာ

မက်အယ်လစ္စတာက ကလပ်အသင်းဖော် မိုဆာလက်ကို လီဗာပူးအသင်းဂန္တဝင်တစ်ဦးအဖြစ် တင်စားလိုက်ပြီး အီဂျစ်ကြယ်ပွင့်ရဲ့ကစားသမားဘဝလက်ကျန်ကာလကို လီဗာပူးအသင်းနဲ့ပဲ ကုန်ဆုံးသွားစေဖို့ မျှော်လင့်နေပါတယ်။ ဒါ့အပြင် အာဂျင်တီးနားကွင်းလယ်ကစားသမားက စာချုပ်သက်တမ်းကိစ္စ အရေးကြီးအခိုက်အတန့်ဆီ ရောက်ရှိနေတဲ့ ဗန်ဒိုက်၊ အာနိုးလ်တို့ကိုလည်း ကလပ်အသင်းဘက်မှ စာချုပ်သစ်ချုပ်ဆိုသွားရန် ထောက်ခံအားပေးလိုက်ပါတယ်။

မိုဆာလက်၊ ဗန်ဒိုက်၊ အာနိုးလ်တို့က အခုဘောလုံးရာသီသိမ်းချိန်မှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေလို့ လာမယ့်ဇန်နဝါရီ ၁ ရက်မှာပဲ အလွတ်ပြောင်းရွှေ့ကြေးကိစ္စအတွက် အင်္ဂလန်ပြင်ပကလပ်အသင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးခွင့် ရရှိလာပါလိမ့်မယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အမှတ်ပေးဇယား ဦးဆောင်နေတဲ့အသင်းအပေါ် လွှမ်းမိုးနိုင်မှုအတိုင်းအတာတစုံတခုအထိရှိတဲ့ ဒီကစားသမားသုံးဦးနဲ့ လီဗာပူးကလပ်အသင်းတာဝန်ရှိသူတွေအကြား ဆွေးနွေးမှုတွေရှိနေပေမယ့်  ကစားသမားတစ်ဦးဦးနဲ့ စာချုပ်သစ်ကိစ္စသဘောတူညီမှုရရှိတယ်ဆိုတဲ့ လက္ခဏာတော့ မမြင်တွေ့ရသေးပါဘူး။

အထူးသဖြင့် အခုရာသီ၊ ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ဂိုးအထိသွင်းယူပြီး လီဗာပူးအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတဲ့ မိုဆာလက်နဲ့ပတ်သက်လို့ မက်အယ်လစ္စတာက အသင်းဖော်ရဲ့စိတ်အားတက်ကြွစရာ အရည်အသွေးတွေကိုရှင်းပြခဲ့သလို အန်ဖီးလ်မှာ စာချုပ်သစ်ချုပ်ဆိုရုံမက အီဂျစ်ကြယ်ပွင့်ရဲ့လက်ကျန်ကစားသမားဘဝကို မာဆေးဆိုဒ်မှာပဲ ဖြတ်သန်းသွားစေချင်တဲ့ ဆန္ဒကိုလည်း အလေးပေးဖော်ပြသွားခဲ့ပါတယ်။

AS သတင်းဌာနနဲ့တွေ့ဆုံချိန် မက်အယ်လစ္စတာက “ ကျွန်တော်တို့ကို ကွင်းတွင်းကွင်းပြင် စိတ်အားတက်ကြွမှုအများကြီးရှိလာအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိသူက မိုဆာလက်ပါပဲ။ မိုဆာလက်က သူ့ကိုယ်သူ အကောင်းဆုံးဖြစ်နေအောင် အမြဲတမ်းကြိုးစားနေပြီး အလုပ်အပေါ်ထားတဲ့ စိတ်အားထက်သန်မှုနဲ့ပတ်သက်လို့ ကျွန်တော်တို့အတွက် စံနမူနာပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူက ဘောလုံးကစားဖို့အတွက် အရာရာတိုင်းကိုပေးဆပ်မယ့် အလွန်အလုပ်ကြိုးစားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

ကွင်းတွင်းမှာဆိုရင် မိုဆာလက်ဆီက အမြဲတမ်းလိုလို သာမန်ထက်ပိုပြီး ခြေစွမ်းပြသနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးကို ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။ သူသာ ကိုယ့်ဘေးနားမှာ ရှိနေမယ်ဆိုရင် ကိုယ့်အတွက် ဂိုးဖန်တီးပေးမှုလုပ်မယ်(သို့မဟုတ်) သူကိုယ်တိုင် ဂိုးသွင်းတော့မယ်ဆိုတဲ့ အသိမျိုး ရှိလာပါလိမ့်မယ်။ သူက ကျွန်တော်တို့အသင်းအတွက် အလွန်အရေးကြီးတဲ့ကစားသမားတွေအနက် တစ်ဦးဖြစ်လို့ ဒီအတိုင်းဆက်လုပ်နိုင်ဖို့လည်း မျှော်လင့်မိပါတယ်။

သူ့ကို လာမယ့်နှစ်မှာ လီဗာပူးအသင်းနဲ့အတူ ဆက်ရှိနေဖို့ မျှော်လင့်မိပါတယ်။ လတ်တလောစေ့စပ်ဆွေးနွေးမှုတွေကိုလည်း အောင်အောင်မြင်မြင်အဆုံးသတ်သွားစေချင်ပါတယ်။ မိုဆာလက်ကိုယ်တိုင်လည်း အသင်းမှာ ပျော်ရွှင်နေပြီး သူက ကလပ်အသင်းရဲ့ဂန္တဝင်တစ်ဦး ဖြစ်ပါတယ်။ သူသာ ကစားသမားဘဝကို ဒီကလပ်အသင်းနဲ့ပဲကုန်ဆုံးနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်လာပါလိမ့်မယ်။ ဒါတွေအားလုံးက ပုဂ္ဂိုလ်ရေးဆိုင်ရာဆုံးဖြတ်ချက်တွေနဲ့ပဲ သက်ဆိုင်ပြီး ကလပ်အသင်းဘက်မှချမှတ်လာမယ့် သုံးသပ်ချက်(သို့မဟုတ်)ဆုံးဖြတ်ချက်တစ်ခုအပေါ်မှာလည်း မူတည်နေပါတယ်”လို့ ပြောပါတယ်။

ဗန်ဒိုက်၊ အာနိုးလ်တို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး မက်အယ်လစ္စတာက “ဟုတ်ပါတယ်။ မိုဆာလက်အပြင် အာနိုးလ်ရော၊ ဗန်ဒိုက်ပါ ကျွန်တော်တို့နဲ့အတူ ဆက်ရှိနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဥပမာအားဖြင့် ဒဏ်ရာမှပြန်သက်လာချိန် မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အာနိုးလ်က အသင်းအတွက် ဘယ်လောက်အထိ အဓိကကျသလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ သူ့ရဲ့အရည်အသွေးတွေက ကြီးမားလွန်းပါတယ်။

အာနိုးလ်နဲ့ပတ်သက်လို့ ခံစစ်ပိုင်းတာဝန်အတွက် ဝေဖန်မှုတွေရှိခဲ့ပေမယ့် ကျွန်တော်ကတော့ သူ့ရဲ့ခံစစ်တိုက်စစ်ကဏ္ဍနှစ်ရပ်လုံးမှာ ပြဿနာရှိနေတယ်လို့ မယုံကြည်ထားပါဘူး။ ဒါကိုလည်း ကျွန်တော် အမြဲပြောခဲ့ပြီးပါပြီ။ သူက မတူကွဲပြားတဲ့ကစားသမားတစ်ဦးပါ။ ဒါ့အပြင် ခံစစ်နဲ့တိုက်စစ်အကြား ဟန်ချက်ညီမှုကို ရှာဖွေနိုင်မယ့် ခွန်အားနဲ့ လျှင်မြင်မှုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ မိုဆာလက်လိုပါပဲ၊ သူက အသင်းနဲ့ဆွေးနွေးနေပြီး သူ့ကို အသင်းမှာဆက်ရှိနေဖို့ မျှော်လင့်မိပါတယ်”လို့ ဆိုပါတယ်။