The network connection is lost.

Banner Image

ယခုနှစ် ပီအက်ဖ်အေဆုပေးပွဲသို့ နယူးကာဆယ်ကြယ်ပွင့် အီဆက် တက်ရောက်ဖွယ်မရှိ

နယူးကာဆယ်တိုက်စစ်ကြယ်ပွင့် အလက်ဇန်းဒါးအီဆက်ဟာ ယခုနွေရာသီအတွင်း လီဗာပူးသို့ပြောင်းရွှေ့လိုနေပြီး နယူးကာဆယ်ဘက်က ပြောင်းရွှေ့ခွင့်မပြုတာကြောင့် ယခုအခါမှာ အသင်းနဲ့အချေအတင်တွေဖြစ်နေကြပြီး ကစားသမားအနေနဲ့ ယခုနှစ် ပီအက်ဖ်အေဆုပေးပွဲသို့ တက်ရောက်ဖွယ်မရှိကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ယခုနှစ်အတွက် ပီအက်ဖ်အေဆုပေးပွဲကို အင်္ဂါနေ့ည မန်ချက်စတာအော်ပရာဟောက်စ်မှာ ကျင်းပသွားမှာဖြစ်ပြီး အီဆက်အနေနဲ့ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ဝင်ထားပါတယ်။ဆန်ခါတင်စာရင်းဝင်ထားပေမယ့် လီဗာပူးသို့ပြောင်းရွှေ့လိုနေတဲ့ အီဆက်ဟာ နယူးကာဆယ်နဲ့ပြေလည်မှုမရရှိသေးတာကြောင့် ယခုချိန်အထိတော့ အဆိုပါဆုပေးပွဲသို့ တက်ရောက်ဖို့မဆုံးဖြတ်ရသေးဘူးလို့သိရပါတယ်။

ဆွီဒင်လက်ရွေးစင်ဟာ ယခုနွေရာသီအတွင်း လီဗာပူးသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပေမယ့် နယူးကာဆယ်ဘက်ကတော့ ကစားသမားကို အသင်းကနေထွက်ခွာခွင့်မပြုဘဲ ဆက်လက်ထိန်းသိမ်းလိုနေတာဖြစ်ပါတယ်။ အီဆက်ဟာ ပြီးခဲ့တဲ့စနေနေ့က အက်စတွန်ဗီလာကို ၀-၀ နဲ့သရေကျခဲ့တဲ့ နယူးကာဆယ်ရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ မပါဝင်ခဲ့သလို၊ လက်ရှိအချိန်မှာလည်း တစ်ကိုယ်တော်လေ့ကျင့်ရေးပြုလုပ်နေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ နယူးကာဆယ်အတွက် ကာရာဘောင်ဖလားဆွတ်ခူးပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ဒုတိယသွင်းဂိုးအများဆုံးကစားသမားအဖြစ် ၃၄ ပွဲအတွင်း ၂၃ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် နယူးကာဆယ်ဘက်ကလည်း အီဆက်ကို အသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ 

ဥရောပအပြောင်းအရွှေ့ကာလက လာမယ့်စက်တင်ဘာလ ၁ ရက်နေ့မှာပဲ ပိတ်သိမ်းတော့မှာဖြစ်လို့ အီဆက်အနေနဲ့ လီဗာပူးသို့ထွက်ခွာခွင့်ရမလား နယူးကာဆယ်မှာပဲ ဆက်လက်ကျန်ရှိနေမလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။