The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့နီးစပ်နေချိန် အနာဂတ်နဲ့ပတ်သက်တဲ့မေးခွန်းတွေကို ဖယ်ထုတ်သွားတဲ့ အာနိုးလ်

ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာပဲ လက်စတာနဲ့ပွဲစဉ်မှာ လီဗာပူးအသင်းအတွက် အစွမ်းကုန်တောက်ပပြီးနောက် အာနိုးလ်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာမှပြန်သက်သာလာတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားက အသင်းရဲ့အရန်လူစာရင်းအတွင်း ပါဝင်လာခဲ့ပါတယ်။ ပွဲချိန် ၇၁ မိနစ်မှာတော့ အာနိုးလ်က လူစားဝင်ကစားသမားအဖြစ် ကွင်းတွင်းဝင်ရောက်လာပြီး နောက်ငါးမိနစ်အကြာမှာပဲ အလွန်လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် လီဗာပူးတို့ အနိုင်သုံးမှတ်တင်မက ရာသီကုန်ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာဖို့လည်း သေချာသလောက်နီးပါး ဖြစ်သွားခဲ့ပါတယ်။ အာနိုးလ်ကိုယ်တိုင်လည်း သူ့ရဲ့အနာဂတ်ကို မဆုံးဖြတ်သေးခင် အသင်းနဲ့အတူ ဆုဖလားအောင်ပွဲတစ်ခု ကျင်းပသွားနိုင်ရေးကိုသာ မျှော်လင့်နေပါတယ်။

သတင်းတွေမှာတော့ ဘာနေဗျူးကလပ်အသင်းက အသက်-၂၅ နှစ်အရွယ်ကစားသမားကို စပိန်မြေဆီ အမိအရခေါ်ယူနိုင်ဖို့နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းလူစာရင်းမှာပါထည့်သွင်းသွားဖို့အတွက် ယုံကြည်မှုမြင့်မားလာနေပြီလို့ သိရပါတယ်။ ဒါပေမယ့် အာနိုးလ်ကတော့ အန်ဖီးလ်အနာဂတ်နဲ့ပတ်သက်လို့ ဘာမှထုတ်မပြောမိစေဖို့ သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ်တားဆီးထားခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် အာနိုးလ်က “ ကျွန်တော့်ရဲ့အခြေအနေကို ထုတ်ပြောမှာမဟုတ်ဘူးလို့ အခုဘောလုံးရာသီတလျှောက်လုံးမှာ ပြောခဲ့ပြီးပါပြီ။ အသေးစိတ်လည်း မပြောတော့ပါဘူး။ ဒါပေမယ့် ဒီနေ့လိုနေ့ရက်မျိုးကတော့ အထူးစပါယ်ရှယ်ပါပဲ။ ပွဲကစားခွင့်ရတယ်၊ ဂိုးသွင်းနိုင်တယ်၊ ပွဲလည်းအနိုင်ရသလို ဆုဖလားလည်း အနိုင်ရဖို့ နီးစပ်လာတယ်။ ဒါတွေက ကျွန်တော့်အတွက် အထူးအခိုက်အတန့်တွေဖြစ်ပြီး ကျွန်တော့်ရဲ့တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်နေပါတယ်”လို့ ပြောပါတယ်။

သူ့ရဲ့နောက်ကျအနိုင်ဂိုးနဲ့ပတ်သက်လို့ အာနိုးလ်က အသင်းကပ္ပတိန်ဗန်ဒိုက်ရဲ့အကြံပြုချက်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ သူက “ ဗန်ဒိုက်ကတော့ ဒီသွင်းဂိုးကို တစိမ့်စိမ့်အရသာခံနေဖို့ ပြောပါတယ်။ သေချာတာပေါ့၊ ဒါက လီဗာပူးကစားသမားဘ၀ အကောင်းဆုံးအခိုက်အတန့်တွေအနက် တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီကွင်းကြီး[လက်စတာရဲ့ကင်းပါဝါကွင်း]မှာ ဂိုးအနည်းငယ် သွင်းယူခဲ့ဖူးပါတယ်။ အခုဆိုရင် ကျွန်တော်တို့က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ အတော်လေးနီးစပ်နေပြီး ဒဏ်ရာမှပြန်လာတဲ့ ပထမဆုံးပွဲစဉ်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့လို့ ဒါက ကျွန်တော့်အတွက်တော့ အရေးပါတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ 

ကျွန်တော့်ရဲ့ပထမဆုံးဘယ်ခြေသွင်းဂိုးလည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဘယ်ခြေသွင်းဂိုးရရှိဖို့ ကြိုးစားဖူးပေမယ့် အခုတော့ သွင်းယူနိုင်ခဲ့ပါပြီ။ ဒါက ကျွန်တော့်ကစားသမားဘဝမှာ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပေမယ့် ရရှိလာဖို့အတွက် အချိန်တစ်ခု အရင်းအနှီးပြုနေခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့က အမှတ်ပေးချန်ပီယံဆုနဲ့ အတော်လေးနီးစပ်လာပြီး တစ်ပွဲလောက် အနိုင်ရရှိဖို့ပဲ လိုအပ်ပါတော့တယ်။ အထူးသဖြင့် ဒါကို ပရိသတ်တွေနဲ့အတူ လုပ်နိုင်ချိန်က အရမ်းကောင်းမွန်တဲ့ ထူးရှယ်အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုအချိန်မှာ လီဗာပူးအသင်းက လာမယ့်တနင်္ဂနွေနေ့၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် အရေးကြီးအိမ်ကွင်းပွဲစဉ်ဆီ အာရုံစိုက်နေပါလိမ့်မယ်။ အိမ်ကွင်းနိုင်ပွဲတစ်ခုသာ ကြိုးကြာနီတွေ ဖန်တီးနိုင်မယ်ဆိုရင် အင်္ဂလန်ထိပ်တန်းလိဂ်ချန်ပီယံဘွဲ့နဲ့ပတ်သက်လို့ ကာလရှည်ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ အကြိမ် ၂၀ အောင်မြင်မှုကို အမီလိုက်နိုင်မှာဖြစ်သလို သူတို့ရဲ့ဒုတိယမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း သိမ်းပိုက်သွားနိုင်ပါလိမ့်မယ်။