The network connection is lost.

Banner Image

ကောင်းမွန်တဲ့ရာသီသစ်စတင်မှုအပြီး လီဗာပူးအသင်းအပေါ် အကဲဖြတ်နိုင်မယ့်အချိန်ကို ပြောပြလာတဲ့ အန်းစလော့

အန်းစလော့က အခုအချိန်အထိ အန်ဖီးလ်မှာ ခြေလှမ်းမှားတာမျိုး မရှိသေးပေမယ့် ရာသီဝက်ကာလပင် မရောက်ရှိသေးလို့ သူ့ရဲ့အသင်းကို အကဲဖြတ်သွားဖို့ အဆင့်သင့်မဖြစ်သေးပါဘူး။ အနီရောင်တပ်သားတွေက အခုရာသီပြိုင်ပွဲစုံ ၂၄ ပွဲအထိ ကစားထားပြီး ပွဲ ၂၀ အနိုင်ရရှိကာ အန်းစလော့ကိုယ်တိုင်လည်း နှစ်ပေါင်းတစ်ရာကျော်အတွင်း ကလပ်အသင်းသမိုင်းတလျှောက် အခုလိုရလဒ်မျိုး ရရှိအောင်စွမ်းဆောင်နိုင်တဲ့ ဒုတိယမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားနဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အသင်းရဲ့တိုးတက်လာမှုအပေါ် စောင့်ကြည့်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အန်းစလော့အတွက်တော့ ရာသီကုန်ဆုံးချိန်မှတပါး သူ့အသင်းအပေါ် မျှမျှတတအကဲဖြတ်သွားဖို့ ထင်ရှားတဲ့အတားအဆီးတစ်ခု ရှိနေပါတယ်။ လီဗာပူးရဲ့တနင်္ဂနွေနေ့ပွဲစဉ်မတိုင်ခင် ချဲလ်ဆီးအသင်းကျော်တက်သွားနိုင်မယ့်အခွင့်အလမ်းရှိနေခြင်းနဲ့အတူ အန်းစလော့ဆီ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဘယ်လိုရှုမြင်ထားသလဲဆိုတဲ့ မေးခွန်းတွေ သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ရောက်ရှိလာပါတယ်။

အန်းစလော့က “၁၉ ပွဲလောက်ကစားပြီးသွားရင် အသင်းတိုင်းက ပြိုင်ဘက်တိုင်းနဲ့ရင်ဆိုင်ပြီးပြီဖြစ်လို့ အမှတ်ပေးဇယားကို အကဲဖြတ်ကြဖို့ လွန်ခဲ့တဲ့လေးငါးလလောက်ကတည်းက ကျွန်တော်ပြောခဲ့ပြီးသားပါ။ ကျွန်တော်တို့အားလုံးမှာ ကံကောင်းတဲ့အခိုက်အတန့်နဲ့ ကံဆိုးတဲ့အခိုက်အတန့်တွေ ရှိလာနိုင်ပါတယ်။ ဥပမာပြောရရင် အာဆင်နယ်ပေ့ါ။ သူတို့တွေက ရာသီအစမှာ အနီကတ်တွေ အများကြီးရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့တွေ အမှတ်လျှော့ကျခဲ့တာပါ။ အခုအချိန်မှာတော့ ကျွန်တော်တို့လည်း ကံမကောင်းစွာနဲ့ဘဲ အနီကတ်ပြစ်ဒဏ်တစ်ခုရရှိပြီး အမှတ်တွေ ကောင်းကောင်းလျှော့ကျသွားခဲ့ပြီးပါပြီ။

အခုအချိန်မှာ ကျွန်တော်တို့ တော့တင်ဟမ်နဲ့ အဝေးကွင်းပွဲစဉ်ကစားရဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ ကစားရမယ့်ပွဲစဉ်ကလည်း ဒီပွဲစဉ်ပါပဲ။ အာဆင်နယ်ဆိုရင်တော့ အခုပွဲစဉ်ကို ရာသီအစမှာကတည်းက ကစားခဲ့ပြီးပါပြီ။ ချဲလ်ဆီးလည်း ရှိနေလို့ ရာသီကုန်မှာ ကိုယ်ဘယ်အနားမှာရှိနေမလဲဆိုတာ ကျွန်တော်တို့ မစဉ်းစားနိုင်သေးပါဘူး။ ဒါပေမယ့် အမှတ်ပေးဇယားကို အကဲဖြတ်ဖို့ အကောင်းဆုံးဖြစ်မယ့် အခြားအခိုက်အတန့်တစ်ခုကတော့ ရာသီဝက်ကာလပါပဲ”လို့ ပြောပါတယ်။

ချဲလ်ဆီးအသင်းက အခုသီတင်းပတ်ကုန်၊ အဲဗာတန်အသင်းကို အနိုင်ကစားနိုင်မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းနိုင်ဖို့ ရှိနေပေမယ့် အန်းစလော့ရဲ့အသင်းက အခုလအစောပိုင်း မာဆေးဆိုဒ်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရလို့ ပွဲကျန်တစ်ပွဲကစားရဖို့ ရှိနေပါသေးတယ်။