
လာဇီယိုကိုရှုံးနိမ့်ခဲ့ပေမယ့် ကစားသမားတွေဘက်ကနေ ကာကွယ်လာတဲ့ ကွန်စီကာအို
တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အေစီမီလန်ဟာ လာဇီယိုကို ၁-၂ နဲ့ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြ ကွန်စီကာအိုကတော့ ကစားသမားတွေကို အပြစ်တင်ပြောဆိုခြင်းတွေမလုပ်ခဲ့ဘဲ ကစားသမားတွေဘက်ကနေ ကာကွယ်ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အေစီမီလန်ဟာ ၆၇ မိနစ်မှာ နောက်ခံလူ ပက်ဗ်လိုဗစ်တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ ပွဲကစားချိန် မိနစ် ၃၀ လောက်ကို ကစားသမား ၁၀ ယောက်တည်းနဲ့ကစားခဲ့ရပြီး မိနစ် ၉၀ ကျော်အထိ သရေရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ပွဲပြီးကာနီးမှ ပင်နယ်တီမှတစ်ဆင့် အနိုင်ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ ကွန်စီကာအိုက "ကစားသမားတစ်ယောက်အထုတ်ခံလိုက်ရလို့ ကျွန်တော်တို့အနေနဲ့ လွယ်လွယ်ကူကူယှဉ်ပြိုင်ခဲ့ရတာမဟုတ်ပါဘူး။ ကလပ်မှာဘာတွေဖြစ်နေလဲ ကစားသမားတွေသိပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ သရေရလဒ်ကိုထိန်းသိမ်းဖို့ပဲ တတ်နိုင်ခဲ့ကြပါတယ်။ ခံစစ်ပဲကစားခဲ့ကြပြီး ရှိသမျှခွန်အားတွေ အကုန်ပေးဆပ်ခဲ့ကြပါတယ်" "ကံအပေါ်ကို အပြစ်ပုံချတာမျိုး ကျွန်တော်မကြိုက်ပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲမှာ ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပြိုင်ဘက်ကတော့ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေရခဲ့ပါတယ်။ ဒီပွဲအတွက် ပြင်ဆင်ချိန်ကလည်း အလုံအလောက်မရခဲ့ပါဘူး။ ကျွန်တော်အရင်ကဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့လို့ ဒီလိုအခြေအနေကို နားလည်ပါတယ်"
"ဒီနေ့ပွဲမှာ ပွဲရဲ့အခြေအနေကို ပြောင်းလဲပစ်နိုင်တဲ့ စိတ်ဓာတ်မျိုး ကစားသမားတွေဆီကနေ မြင်တွေ့ခဲ့ရပါတယ်။ ကစားသမား ၁၀ ယောက်တည်းနဲ့ယှဉ်ပြိုင်ခဲ့ရပေမယ့် နောက်ဆုံးမိနစ်ပင်နယ်တီမပေးရခင်အချိန်အထိ ကျွန်တော်တို့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေက အပြုသဘောဆောင်ပါတယ်။ကျွန်တော်တို့အခုလုပ်နေတဲ့အရာအပေါ်မှာ ယုံကြည်မှုရှိပါတယ်။ ဒါပေမယ့် ရာသီအစမှာကတည်းက အခြေအနေတွေက ခက်ခဲနေခဲ့ပါတယ်"
"ကျွန်တော့်မှာ နည်းဗျူဟာအပိုင်းရော၊ ကြံ့ခိုင်ရေးအပိုင်းမှာပါ အလုပ်လုပ်ဖို့ အချိန်အများကြီးမရှိပါဘူး။ ၃ ရက်ကိုတစ်ပွဲအထိ ကစားနေရလို့ပါ။ ကျွန်တော်ဒီကိုရောက်လာတာလည်း သိပ်မကြာသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။