The network connection is lost.

Banner Image

ချဲလ်ဆီးကို အနိုင်ရပြီးနောက် ဆန်းဒါးလန်းရဲ့အကောင်းဆုံးပုံစံ ပြန်လည်ရောက်ရှိလာပြီလို့ လီဖီး ပြောကြား

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အလင်းရောင်ကွင်းကြီးမှာ ချဲလ်ဆီးကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဆန်းဒါးလန်းရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ လီဖီး ယုံကြည်နေပါတယ်။

အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကို ပင်နယ်တီမှတဆင့် သွင်းယူခဲ့တဲ့ လီဖီးက အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ လေးဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

ပွဲစဉ်အပြီး ပြင်သစ်ကွင်းလယ်လူက အခုစွမ်းဆောင်ရည်ပိုင်းကြောင့် ပြီးခဲ့တဲ့ရာသီ၊ ဆန်းဒါးလန်းရဲ့ခြေစွမ်းပြမှုတွေကို ပြန်လည်အမှတ်ရမိသလို အသင်းဖော်တွေရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်နဲ့ အိမ်ကွင်းပရိသတ်တွေရဲ့ ပွဲချိန်ပြည့်အားပေးမှုတွေကို ချီးကျူးခဲ့ပါတယ်။

လီဖီးက "ပွဲမတိုင်ခင် ကျွန်တော်ပြောခဲ့သလိုပဲ၊ ကျွန်တော်တို့ရဲ့မူလပုံစံတွေဆီ ပြန်သွားနိုင်ဖို့ဆိုတာ တကယ်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့တိုက်ပွဲဝင်ခဲ့တဲ့ ပုံစံအရ ကျွန်တော်တို့ အတူတကွ ရှိနေခဲ့ကြတယ်လို့ ထင်ပါတယ်"

"ကစားသမားတွေတင်မဟုတ်ဘဲ ပရိသတ်တွေလည်း ပါဝင်ပါတယ်။ ဒါ တကယ့်ကို အံ့သြစရာ ကောင်းပါတယ်။ ပွဲစဉ်က ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့ ပိုတူခဲ့ပါတယ်။ ဒီနေ့မွန်းလွဲပိုင်းမှာ ကျွန်တော်တို့အားလုံး မိသားစုတစ်ခု ဖြစ်နေတယ်ဆိုတာကို မြင်တွေ့နိုင်ခဲ့ပြီး ဒါက အရေးအကြီးဆုံး အရာပါပဲ"

"လိဒ်၊ ဘရန့်ဖို့ဒ်တို့နဲ့ ပွဲစဉ်တွေအပြီး ကျွန်တော်တို့ လမ်းကြောင်းမှန်ဆီ ပြန်ရောက်နေပြီလို့ ခံစားမိခဲ့ပေမဲ့ အဲ့ဒီနောက်ပိုင်းမှာ ခက်ခဲတဲ့ ပွဲစဉ်နှစ်ခုကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ပါတယ်"

"ဘောလုံးကစားဟန်အရ ကျွန်တော်တို့ကစားခဲ့ဖူးသမျှ အကောင်းဆုံးပွဲစဉ်တော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မူလပုံစံတွေဆီ ပြန်ရောက်လာခဲ့ပါပြီ။ ဒါက အရေးအကြီးဆုံးပါပဲ။ ကျွန်တော်တို့ အနားယူနိုင်မယ့် ရက်အနည်းငယ် ရရှိထားပြီး အဲဒီနောက်မှာတော့ ပြန်လည်ကြိုးစားသွားရပါမယ်"

"ကျွန်တော်တို့ အတူတကွ စည်းလုံးနေဖို့ လိုအပ်ပြီး ဒီနေ့မှာ အဲဒီလို ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ မလွယ်ကူဘူးဆိုတာ သေချာပေမဲ့ ဘောလုံးရာသီအရှည်ကြီး ကျန်နေပါသေးတယ်။ တန်းဆင်းဇုန်မှလွတ်မြောက်ဖို့ နောက်ထပ် ၃၂ မှတ်လောက် လိုအပ်နေသေးပေမဲ့ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်ရပါမယ်။ ဒီလိဂ်မှာ ဘယ်လောက်အထိ ပြိုင်ဆိုင်မှုပြင်းထန်သလဲဆိုတာ သိထားလို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်"

"နိုင်ငံတကာသီတင်းပတ်မတိုင်ခင် အိမ်ကွင်းမှာ ချဲလ်ဆီးဆီမှ အနိုင်သုံးမှတ်အပြည့် ရလိုက်တယ်ဆိုတာ စိတ်ဓါတ်ပိုင်းဆိုင်ရာအတွက်ဆိုရင် ထိပ်တန်းပါပဲ" လို့ ပြောပါတယ်။