လီဗာပူးကို အနိုင်ယူခဲ့တဲ့ မန်စီးတီးရဲ့ပွဲစဉ်အပြီး ပရီးမီးယားလိဂ်အနာဂတ်နဲ့ပတ်သက်လို့ ခန့်မှန်းသုံးသပ်လိုက်တဲ့ ဂယ်ရီနဗီးလ်
လီဗာပူးကို မန်စီးတီးအနိုင်ရရှိပြီးနောက် လာမယ့်လအနည်းငယ်အတွင်း ပရီးမီးယားလိဂ်အတွက် ဆိုးရွားတဲ့အခြေအနေတစ်ခု ဆက်လက်ရှိနေဦးမယ်လို့ ဂယ်ရီနဗီးလ်က သုံးသပ်ခန့်မှန်းလိုက်ပါတယ်။
၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ အထိ ကိုးရာသီကြာကာလအတွင်း ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို ဆိုးဆိုးရွားရွားချိုးဖောက်မှုဆိုင်ရာ စွဲချက်အားလုံးအတွက် မန်စီးတီး အပြစ်ရှိတယ်ဆိုတဲ့ သီးခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့စစ်ဆေးတွေ့ရှိချက် ထွက်ပေါ်လာပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် မန်စီးတီးက အန်ဖီးလ်ကွင်းမှာ လီဗာပူးကို အနိုင်ယူခဲ့ပါတယ်။
ဒီရလဒ်ကြောင့် မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ သုံးမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပေမဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေအတွက် အပြီးသတ်စီရင်ချက် ဘယ်အချိန်ထွက်ပေါ်လာမလဲဆိုတာ မသိရသေးလို့ ဒါက အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုပြိုင်ဆိုင်မှုအပေါ် အရိပ်မည်းတစ်ခု ဖြစ်စေနိုင်ပါတယ်။
ပွဲစဉ်အပြီး အန်ဖီးလ်ကွင်းမှာ Sky Sports အတွက် တွဲဖက်အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ နဗီးလ်က မန်စီးတီးရဲ့အယူခံနဲ့ပတ်သက်လို့ အပြီးသတ်စီရင်ချက် မထွက်ရှိမချင်း ပရီးမီးယားလိဂ်ကို ထိခိုက်နစ်နာစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
နဗီးလ်က "သူတို့ကို ကြည့်နေရချိန်မှာ ခံစားရတဲ့ အချက်ကတော့ အန်ဖီးလ်ဆီ လာပြီး အနိုင်ယူဖို့ဆိုတာ တကယ်ခက်ခဲတာကြောင့် 'ဒါပေမဲ့' ဆိုတဲ့ စကားလုံးမပါဘဲ၊ ဘာ တွန့်ဆုတ်မှုမှ မရှိဘဲ ကျွန်တော်တို့ သူတို့ကို ချီးကျူးသင့်ပေမဲ့ စိတ်ထဲမှာတော့ အဲ့ဒီအရာတစ်ခု ရှိနေဆဲပါပဲ။ လိဂ်တစ်ခုလုံးကိုလည်း အရိပ်မည်းကြီးတစ်ခု လွှမ်းမိုးသွားပါတော့မယ်"
"ဒီနေ့မှာ မန်စီးတီးက အရမ်းကောင်းတဲ့အလုပ်တစ်ခုကို လုပ်ပြခဲ့ပါတယ်။ အနီကတ်ပြစ်ဒဏ် ထွက်ပေါ်လာပြီးနောက် ပွဲချိန်နောက်ဆုံးမိနစ် ၂၀ ကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်"
"သူတို့ ကြံ့ကြံ့ခံကစားခဲ့ကြပြီး ပထမပိုင်းမှာ ဒွန်နာရမ်မာ၊ ဒီယက်စ်နဲ့ အန်ဒါဆန်တို့လို ကစားသမားတွေ အလွန်ကောင်းမွန်ခဲ့သလို အသင်းလိုက်ရပ်တည်ချက်လည်း ခိုင်မာခဲ့ကြပါတယ်"
"ပွဲစဉ်ပြီးဆုံးချိန်မှာတော့ ဒါက အတော်လေးခက်ခဲတဲ့ ခံစားချက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အကယ်၍ ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီလလောက်မှာ အပြစ်ရှိတယ်ဆိုတဲ့ စီရင်ချက် အတည်ပြုလိုက်မယ်ဆိုရင် မန်စီးတီးတော့ အခုရောက်ရှိနေတဲ့နေရာမှာ မရှိနိုင်တော့သလို လိဂ်တစ်ခုလုံးကိုလည်း အရိပ်မည်းကြီးတစ်ခု လွှမ်းမိုးထားသလို ဖြစ်သွားနိုင်လို့ပါပဲ"
"ဒါက လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အတွက် မကောင်းလှပါဘူး။ ဒီနေ့မှာ ကျွန်တော် သတိပြုမိလိုက်တဲ့အချက်က ဒါပါပဲ။ ဒါက ပရီးမီးယားလိဂ်အတွက် တကယ့်ကို ဆိုးရွားလွန်းပြီး လာမယ့်လအနည်းငယ်အထိ ဆက်လက်ဖြစ်ပေါ်နေပါလိမ့်မယ်"
"ဟန်ပြဆိုတဲ့ စကားလုံးကို အတော်လေး အသုံးပြုခဲ့ကြပြီး လာမယ့်လအနည်းငယ်အတွင်း လူတွေက ဒါကို ဟန်ပြလိဂ်ပြိုင်ပွဲတစ်ခုလို့ ထင်ကြပါလိမ့်မယ်။ ပွဲရဲ့နောက်ဆုံး ၁၀ မိနစ်လောက်မှာ 'လူလိမ်တွေ' ဆိုတဲ့ ကွင်းလုံးပြည့်အော်ဟစ်သံတွေ ထွက်ပေါ်နေခဲ့တာကို ကျွန်တော်တို့ ကြားခဲ့ရပါတယ်။
"လိဂ်ရဲ့ထိပ်ဆုံးနေရာမှာရှိတဲ့ အသင်းကို လီဗာပူးပရိသတ်တွေက တန်းဆင်းရတော့မယ် ဆိုတဲ့ သီချင်းနဲ့ လှောင်ပြောင်နေကြတာကို ကျွန်တော်တို့ ကြားခဲ့ရပြီး အဲဒီအဆိုးမြင်စိတ်တွေကို အတွေးထဲမှ ဖယ်ရှားပစ်လို့ မရနိုင်ပါဘူး"
"ကျွန်တော်တို့လုပ်နိုင်တာကတော့ ဘောလုံးကစားဟန်ကို အသိအမှတ်ပြုချီးကျူးဖို့ပါပဲ။ ဟာလန်း၊ ဒိုကူနဲ့ ကျွန်တော်တို့တွေ့မြင်ခဲ့ရတဲ့ အဆုံးသတ်သွင်းဂိုးတွေ၊ ချာကီရဲ့ဂိုးတွေကို ချီးကျူးနိုင်ပြီး မန်စီးတီးပရိသတ်တွေလည်း ဂိုးပေါက်နောက်မှာ အောင်ပွဲခံနိုင်ကြပေမဲ့ ကျန်တဲ့သူအားလုံးကတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ထိုင်တွေးနေကြရတာပါပဲ"
"ဒါ ထိခိုက်နစ်နာစေပါတယ်၊ အခုအချိန်မှာ တကယ့်ကို ထိခိုက်နစ်နာစေတာပါ" လို့ ဆိုပါတယ်။