မန်စီးတီးကို နှစ်ပေါင်းများစွာကြာ အမှတ်လျှော့ပြစ်ဒဏ် ချမှတ်သင့်တယ်လို့ ကာရေဂါပြောကြား
မန်ချက်စတာစီးတီးအသင်းကို နှစ်ရှည်အမှတ်လျှော့ပြစ်ဒဏ်မျိုး ချမှတ်သင့်တယ်လို့ ကာရေဂါက အကြံပြုပြောကြားခဲ့ပါတယ်။
၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအကြား ကာလတစ်ခုကို လွှမ်းခြုံထားတဲ့ ပြင်းထန်တဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဆိုင်ရာ စွဲချက်အားလုံးအတွက် မန်စီးတီးမှာ တာဝန်ရှိတယ်လို့ သီးခြားလွတ်လပ်တဲ့ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ကလပ်အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို ပေါင်သန်း ၉၀၀ ကျော်အထိ ဖောင်းပွအောင် လုပ်ဆောင်ဖို့ 'ဟန်ပြ' စာချုပ်တွေကို အသုံးပြုခဲ့တယ်လို့ သိရပြီး လာမယ့်လပိုင်းတွေအတွင်း သူတို့ရဲ့အယူခံဝင်မှု မအောင်မြင်ဘူးဆိုရင် အသင်းအတွက် ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။
မန်စီးတီးကတော့ သူတို့မှာ အပြစ်မရှိဘူးလို့ ဆက်လက်ငြင်းဆိုနေပေမဲ့ ရရှိထားတဲ့ အထောက်အထားအချက်အလက်တွေကြောင့် တခြားပြိုင်ဘက်ကလပ်အသင်းတွေကလည်း သူတို့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှထုတ်ပယ်ဖို့နဲ့ ချန်ပီယံဆုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုနေကြပါတယ်။
ကာရေဂါကတော့ သီအိုရီအရ တန်းဆင်းသွားရပေမဲ့ ချက်ချင်းဆိုသလို တန်းပြန်တက်လာနိုင်တဲ့ ကလပ်အသင်းအတွက် ရက်စက်ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာစေမယ့် ရာသီအလိုက် ပြစ်ဒဏ်ချမှတ်သင့်တယ်လို့ အကြံပြုရင်း သူ့ရဲ့အမြင်ကို ထုတ်ဖော်လာပါတယ်။
"လူတွေက ရမှတ် ၈၀ သို့မဟုတ် ရမှတ် ၁၀၀ လျှော့ချတဲ့ပြစ်ဒဏ် အကြောင်း ပြောနေကြပေမဲ့ ဒါက ဘောလုံးရာသီတစ်ခုတည်းအတွက်ပဲဖြစ်လို့ တန်းဆင်းသွားပြီဆိုရင်တောင် နောက်တစ်နှစ် တန်းပြန်တက်လာပါလိမ့်မယ်"
"ပြီးတော့ ရှိရင်းစွဲကစားသမားတွေအနက် တချို့ထွက်ခွာသွားနိုင်ပေမဲ့ တချို့တော့ အောင့်အီးသည်းခံလိုက်ဦးမယ်ဆိုပြီး ဆက်ရှိနေဦးမယ်လို့ ထင်ပါတယ်"
"ဒါပေမဲ့ ဒီကိစ္စက အချိန်အကြာကြီး ဖြစ်ပွားခဲ့တာကြောင့် ပြစ်ဒဏ်က ၃ နှစ်မှ ၅ နှစ်အထိ နှစ်ရှည် ဖြစ်သင့်တယ်လို့ ကျွန်တော် အမှန်တကယ်ယူဆမိပါတယ်။ အဲဒီလိုဆိုရင်တော့ ကစားသမားတွေက အသင်းမှ ထွက်ခွာသွားကြပါလိမ့်မယ်" လို့ သူက ပြောပါတယ်။
မန်စီးတီးက အခုဘောလုံးရာသီသစ်ရဲ့ အဖွင့်ပွဲစဉ်ငါးခုလုံးကို အနိုင်ရရှိပြီး ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ တကယ်လို့ ပြစ်ဒဏ်ချမှတ်မှုသာ ပေါ်ပေါက်လာတယ်ဆိုရင် အသင်းအတွက် အမှတ်ပေးချန်ပီယံဆုဆွတ်ခူးသွားနိုင်မယ့်အလားအလာအပေါ် တားဆီးနိုင်ဖို့ အခုဘောလုံးရာသီမှာပဲ ပြစ်ဒဏ် ချမှတ်သွားပါလိမ့်မယ်။
အခုသီတင်းပတ်ကုန်ပိုင်း၊ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် အန်ဖီးလ်ကွင်းပွဲစဉ်မှာ ဒီစွဲချက်တွေနဲ့ပတ်သက်လို့ ပရိသတ်တွေရဲ့အသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနိုင်ပြီး မန်စီးတီးအတွက် ရန်လိုတဲ့ပတ်ဝန်းကျင်အခြေအနေတစ်ခုနဲ့ ကြုံတွေ့သွားရနိုင်ပါတယ်။