ပြင်သစ်လက်ရွေးစင်တာဝန်ထမ်းဆောင်ရင်း ဂျာကွက် ဒဏ်ရာရရှိသွားလို့ လီဗာပူးအတွက် စိုးရိမ်စရာဖြစ်လာ
ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာသီတင်းပတ်ကို ဖြတ်သန်းချိန် လီဗာပူးနောက်ခံလူဂျာကွက်မှာ ဘယ်တံကောက်ကြောဒဏ်ရာ ရရှိသွားတယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။
ဒီဒဏ်ရာပြဿနာကြောင့် အသက် ၂၁ နှစ်အရွယ်ကစားသမားက စက်တင်ဘာနိုင်ငံတကာသီတင်းပတ်အတွက် ပြင်သစ်အသင်းရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့အိမ်ကွင်းပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
ဂျာကွက်က ဘယ်လ်ဂျီယံကို ၀-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အဝေးကွင်းပွဲစဉ်၊ အီတလီနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။
ဗဟိုနောက်ခံလူအတွက် ပြန်လည်သက်သာလာမယ့်အချိန်ကို တိတိကျကျ မသိရသေးပေမဲ့ ကစားသမားကတော့ နောက်ထပ်စစ်ဆေးမှုတွေခံယူဖို့ လီဗာပူးအသင်းရဲ့လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိလာဖွယ် ရှိနေပါတယ်။
ဂျာကွက်က အခုရာသီ၊ နည်းပြအီရာအိုလာလက်အောက်မှာ အဓိကအရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး လီဗာပူးအတွက် ခုနစ်ပွဲပါဝင်ကစားရာမှာ ခြောက်ကြိမ်အထိ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာလည်း ဒဏ်ရာပြဿနာတွေနဲ့အတူ ကစားသမားဘ၀ကို အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ ဂျာကွက်အတွက် အခုနောက်ဆုံးရရှိလာတဲ့ဒဏ်ရာကြောင့် ပိုပြီးစိုးရိမ်စရာကောင်းလာပါတယ်။
ဂျာကွက်က ပုခုံးဒဏ်ရာကြောင့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ဒုတိယရာသီဝက်ကာလတစ်ခုလုံးကို လွဲချော်ခဲ့သလို အခုဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်ချိန်မှာလည်း ဒူးဒဏ်ရာကြောင့် ထိခိုက်မှုတွေ ရှိခဲ့ဖူးပါတယ်။