အသင်းကို ရောင်းထုတ်ပစ်ဖို့ မန်စီးတီးပိုင်ရှင်တွေဆီ ကာရေဂါ တောင်းဆိုတိုက်တွန်း
လီဗာပူးနောက်ခံလူဟောင်းကာရေဂါက မန်စီးတီးအသင်းပိုင်ရှင်တွေဆီ အသင်းကို ရောင်းထုတ်ပစ်လိုက်ဖို့ အလေးအနက်တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အခုလအစောပိုင်း၊ မန်စီးတီးမှာ ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု ၁၁၅ မှုအတွက် အပြစ်ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပြီးနောက် အသင်းကို လိဂ်မှထုတ်ပယ်သွားဖို့အထိ ဆွေးနွေးမှုတွေ ရှိလာလို့ ဒီဆုံးဖြတ်ချက်အပေါ် ကလပ်အသင်းဘက်က အယူခံဝင်ဖို့ ကြိုးပမ်းနေပြီလို့ သိရပါတယ်။
၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအကြား ကာလတွေမှာ ဟန်ပြစာချုပ်တွေ စီစဉ်ချုပ်ဆိုခဲ့ပြီး ကလပ်အသင်းရဲ့ဝင်ငွေကို ပေါင်သန်း ၉၀၀ ကျော်အထိ ရည်ရွယ်ချက်ရှိရှိဖောင်းပွလာအောင် မန်စီးတီးလုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်ကို သီးခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။
နှစ်ပေါင်းများစွာကြာမြင့်နိုင်တဲ့ လုပ်ငန်းစဉ်အတွင်း ချမှတ်မယ့် ပြစ်ဒဏ်အပေါ် မူတည်ကာ မန်စီးတီးရဲ့ချန်ပီယံဆုတွေ ရုပ်သိမ်းခံရတာ၊ ဒဏ်ငွေ ချမှတ်ခံရတာ သို့မဟုတ် ဘောလုံးလောကပိရမစ်(လိဂ်ပြိုင်ပွဲစနစ်)မှ ထုတ်ပယ်ခံရတာတွေ ဖြစ်လာနိုင်ပါတယ်။
Daily Telegraph သတင်းစာနဲ့ ဆွေးနွေးခန်းမှာတော့ ကာရေဂါက ဒီအငြင်းပွားဖွယ် အခြေအနေဆီ ဝင်ရောက်မှတ်ချက်ပေးခဲ့ပြီး မန်စီးတီးအသင်းပိုင်ရှင်တွေကိုယ်တိုင် ကလပ်အသင်းကို တက်နိုင်သမျှ အမြန်ဆုံးရောင်းထုတ်ပစ်လိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ကာရေဂါက "မန်ချက်စတာစီးတီးအတွက် သူတို့ရဲ့အဘူဒါဘီခေတ် ကုန်ဆုံးချိန်ဆီ ရောက်ရှိသွားပါပြီ။ ပိုင်ရှင်တွေကိုယ်တိုင်လည်း သူတို့ရဲ့တာဝန်၀တ္တရားတွေ ပျက်ကွက်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုပြီး ကလပ်အသင်းကို ရောင်းထုတ်လိုက်မှသာ အသင်းတစ်ခုအတွက် အခုလိုအရှက်ရဖွယ်အခြေအနေမှ ပြန်လည်ကုစားနာလန်ထူလာနိုင်ပါလိမ့်မယ်"
"ဒါကို အလှဆင်ပြီး ဖုံးဖိထားလို့ မရပါဘူး။ အဖွဲ့အစည်းတစ်ခုလုံးအတိုင်းအတာ မသမာမှုလုပ်ဆောင်ခဲ့တဲ့ ပမာဏနဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့တဲ့ အချက်တွေအရ ပါဝင်ပတ်သက်နေတဲ့ မန်စီးတီးအမှုဆောင်အားလုံးရဲ့ရာထူးနေရာတွေ ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်တော့ပါဘူး"
"အပြစ်မရှိဘူးဆိုတဲ့ သူတို့ရဲ့လျှောက်လဲချက်တွေကို မှားယွင်းစွာယုံကြည်နေကြတဲ့ ပရိသတ်တွေရဲ့စိတ်ဆင်းရဲဒုက္ခတွေကို ရှေ့ဆက်ရင်ဆိုင်တိုက်ခိုက်နေခြင်းဆိုတာ ပိုပြီး အချိန်ဆွဲသလိုသာ ဖြစ်စေပါလိမ့်မယ်"
"မန်စီးတီး အပါအဝင် အဖွဲ့ဝင်ကလပ်အသင်းအားလုံး ကိုယ်တိုင်ချမှတ်ပြီး လက်မှတ်ရေးထိုးသဘောတူထားတဲ့ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ပရီးမီးယားလိဂ်ရဲ့ ပိုင်ရှင်များနှင့် ဒါရိုက်တာများဆိုင်ရာ စစ်ဆေးမှု (Owners' and Directors' Test)မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်"
"ဒီသတ်မှတ်ချက်တွေနဲ့မကိုက်ညီသူ ဘယ်သူ့ကိုမဆို ပရီးမီးယားလိဂ်ဒါရိုက်တာနဲ့ ပိုင်ရှင် ဖြစ်ခွင့်အရည်အချင်း ပျက်ပြယ်စေရပါမယ်။ မဟုတ်ရင်တော့ ဒီစည်းမျဉ်းတွေဆိုတာ အသုံးမဝင်တဲ့ အရာတွေ ဖြစ်သွားပါလိမ့်မယ်" လို့ ပြောပါတယ်။
သီခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို အောက်တိုဘာ ၂ ရက် နောက်ဆုံးထားပြီး မန်စီးတီးအသင်း အယူခံဝင်နိုင်သလို့ ဒီအယူခံလုပ်ငန်းစဉ်တွေဆိုတာ နှစ်ပေါင်းများစွာလည်း ကြာမြင့်နိုင်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။