The network connection is lost.

Banner Image

မန်စီးတီးအတွက် အထိနာဆုံးဖြစ်မယ့် ပြစ်ဒဏ်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဂယ်ရီနဗီးလ်

အခုလအတွင်း မန်စီးတီးအပေါ် ချမှတ်လိုက်တဲ့ စွဲချက်တွေနဲ့ပတ်သက်လို့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂယ်ရီနဗီးလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်စီးတီးဘက်ကတော့ အမှားအယွင်းတစုံတရာ မပြုလုပ်ထားဘူးလို့ ငြင်းဆိုထားပြီး သူတို့အပေါ် စွဲဆိုထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၄ ခုအတွက် အယူခံဝင်ဖို့ အောက်တိုဘာ ၂ ရက်အထိ အချိန်ရရှိထားပါတယ်။ ကလပ်အသင်းအတွက် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအကြား ကာလတွေမှာ ရန်ပုံငွေပေါင်သန်း ၉၀၀ ကျော်ကို အသွင်ယူဖုံးကွယ်ဖို့နဲ့ ဝင်ငွေတွေ မမှန်မကန်တိုးမြှင့်ပြသဖို့အတွက် ဟန်ပြစာချုပ်တွေ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

တကယ်လို့ ဒီစွဲချက် ၁၁၄ ခုကိုသာ အတည်ပြုမယ်ဆိုရင် အသင်းကို ပျက်စီးသွားနိုင်တဲ့ လုပ်ရပ်အဖြစ် ဆုဖလားတွေ ရုပ်သိမ်းခံရမယ့်ကိစ္စအပြင် ကလပ်အသင်းအတွက် တန်းဆင်းပြစ်ဒဏ် ချမှတ်ခံရတာ သို့မဟုတ် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရတာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

Stick to Football Podcast အစီအစဉ်မှာ လတ်တလော ကျယ်ကျယ်ပြန့်ပြန့်အငြင်းပွားနေတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ဂယ်ရီနဗီးလ်က ပရီးမီးယားလိဂ်အပေါ် လက်တွေ့ကျကျ မသမာမှုပြုလုပ်ခဲ့တဲ့ အကျိုးဆက်အဖြစ် မန်စီးတီးပိုင်ရှင်တွေ ရာထူးမှနုတ်ထွက်သွားသင့်တယ်လို့ အခိုင်အမာတိုက်တွန်းပြောကြားသွားပါတယ်။

ဂယ်ရီနဗီးလ်က "မန်စီးတီးကတော့ ဘောလုံးကလပ်အသင်းတစ်ခုအဖြစ် ပြန်လည်နာလန်ထူလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးဆိုတာ ဒီပိုင်ရှင်တွေထွက် အချိန်ပိုကြာကြာ တည်ရှိနေခဲ့သလို ဒီပိုင်ရှင်တွေ မရှိတော့ချိန်မှာလည်း အချိန်အကြာကြီး ဆက်လက်တည်ရှိနေမယ့် ကလပ်အသင်း ဖြစ်နေလို့ပါ။ ဒါ့အပြင် မန်စီးတီးမှာ ကြီးကျယ်တဲ့ သမိုင်းကြောင်းလည်း ရှိထားပါတယ်"

"ရမှတ်လျှော့တာ၊ ဒဏ်ငွေချမှတ်တာ၊ ကစားသမားခေါ်ယူခွင့် ပိတ်ပင်တာ၊ ချန်ပီယံဆုတွေကို ရုပ်သိမ်းတာ (တခြားသူတွေဆီပေးတာမျိုး မဟုတ်ဘဲ ဖလားတွေကို ရုပ်သိမ်းလိုက်ရုံ သက်သက်)စတာတွေက ကြီးမားတဲ့ပြစ်ဒဏ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားမျှတပြီး အကြီးမားဆုံးအကျိုးဆက်တွေ ဖြစ်ပေါ်စေမယ့် တစ်ခုတည်းသော ပြစ်ဒဏ်ကတော့ ပိုင်ရှင်တွေကို ဖယ်ရှားပစ်တာပဲ ဖြစ်ပါလိမ့်မယ်"

"ကျွန်တော်သာ မန်စီးတီးဆိုရင် အဲဒီအကျိုးဆက်တစ်ခုတည်းကိုပဲ စိုးရိမ်မိပါလိမ့်မယ်။ မန်စီးတီးပရိသတ်တစ်ဦးအတွက် လက်ရှိရရှိထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက် ထိန်းသိမ်းထားချင်တယ်ဆိုရင် ဒီအချက်က အစိုးရိမ်ရဆုံးကိစ္စ ဖြစ်ပါလိမ့်မယ်"

"အခုတော့ မသမာမှုတွေဆိုတာ ကျွန်တော်တို့ရဲ့နိုင်ငံဆီ၊ ကျွန်တော်တို့ရဲ့လိဂ်ပြိုင်ပွဲဆီ ရောက်ရှိလာပါပြီ။ ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာပေါ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ အကြီးကျယ်ဆုံးထုတ်ကုန်တစ်ခု ဖြစ်ပါတယ်"

"ကမ္ဘာအနှံ့သွားရောက်ပြီး လီဗာပူး၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်တို့အကြောင်း ပြောမယ်ဆိုရင် ခင်ဗျား ဘယ်နိုင်ငံမှလာသလဲဆိုတာကို ပြောပြလိုက်တာနဲ့ လူတွေက တခြားအရာတွေထက် ပရီးမီးယားလိဂ်အကြောင်းကိုပဲ ပြောကြပါတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာတွေ မြောင်းထဲရောက်နေပါပြီ" လို့ ပြောပါတယ်။

ပရီးမီးယားလိဂ်မှာရော၊ ဥရောပအဆင့်မှာပါ ငွေကြေးသုံးစွဲမှုဆိုင်ရာ ကန့်သတ်ချက်တွေကို မန်စီးတီးတို့ သိသိသာသာ ချိုးဖောက်ခဲ့တာဖြစ်လို့ သူတို့ဘက်က ယုံကြည်မှုရှိနေပေမဲ့ အယူခံအောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

မကြုံစဖူးအားကစားဆိုင်ရာ ပြစ်ဒဏ်အဖြစ် ရမှတ် ၅၀ ကနေ ၈၀ ဝန်းကျင်အထိ လျှော့ချခံရနိုင်တယ်လို့ သုံးသပ်ထားကြပြီး စွဲဆိုခံရတဲ့ကာလအတွင်း ဆွတ်ခူးခဲ့တဲ့ ချန်ပီယံဆုတွေကိုလည်း ရုပ်သိမ်းခံရနိုင်ခြေ ရှိပါတယ်။