The network connection is lost.

Banner Image

လီဗာပူးမှာ ရုန်းကန်နေရတဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာတဲ့ ဘိုင်ယန်အကြီးအကဲ

လီဗာပူးမှာ ရုန်းကန်နေရတဲ့ ဂျာမနီကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှု ပြန်လည်ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေအပေါ် ရူမင်နစ်ဂီက ရှင်းလင်းပြောကြားလာပါတယ်။

ဘိုင်ယန်မြူးနစ်က ၂၀၂၅ ခုနှစ်၊ နွေရာသီမှာ ဖလော်ရီယန်ဝစ်ဇ်ကိုခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ဖူးပေမဲ့ ဒီကွင်းလယ်တိုက်စစ်ကစားသမားက လေဗာကူဆင်မှ လီဗာပူးဆီ ပြောင်းရွှေ့ဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။

လီဗာပူးမှာ မျှော်လင့်ထားသလို ခြေစွမ်းမပြသနိုင်လို့ ဖလော်ရီယန်ဝစ်ဇ်အတွက် ဝေဖန်မှုတွေ မြင့်တက်လာချိန် ဘိုင်ယန်မြူးနစ်က ဒီဂျာမန်ကြယ်ပွင့်ကို ပြန်လည်စိတ်ဝင်စားလာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်ရူမင်နစ်ဂီရဲ့မှတ်ချက်အရ အသက် ၂၃ နှစ်အရွယ်ကစားသမားကို ခေါ်ယူသွားဖို့ဆိုတာ ဖြစ်နို်ငခြေ သိပ်မရှိဘူးလို့ ယူဆရပါတယ်။

ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားမှု ပြန်လည်စတင်လာနိုင်မလားဆိုတဲ့ မေးမြန်းမှုကို ရူမင်နစ်ဂီက "ပထမဆုံးပြောရရင် ဒါ ကျွန်တော့်အလုပ် မဟုတ်ပါဘူး" လို့ AZ သတင်းဌာနဆီ ဖြေကြားခဲ့ပြီး ဒါက ကလပ်အသင်းအားကစားစီမံခန့်ခွဲရေးအဖွဲ့ရဲ့ တာဝန်သာ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

"အဲဒီနေရာမှာ မူစီယာလာနဲ့ ဂါနာဘရီတို့ ကစားနေကြသလို ဆိုင်ဘာရီလို တခြား ရွေးချယ်စရာတွေလည်း ရှိနေတာကို မေ့ထားလို့ မရပါဘူး။ ဖလော်ရီယန်ဝစ်ဇ်အတွက် ကုန်ကျနိုင်မယ့် ငွေကြေးပမာဏမျိုးနဲ့ စတုတ္ထမြောက်ကစားသမားဝယ်ယူဖို့အတွက် မလိုအပ်ပါဘူး"

"ဒါကြောင့်ပဲ ကစားသမားတစ်ဦးအတွက် ခြေလှမ်းတိုင်းက သေချာကြိုတင်စဉ်းစားထားရမယ့် အရာဖြစ်တယ်လို့ ကျွန်တော်ပြောတာပါ" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရူမင်နစ်ဂီက လီဗာပူးမှာ ဒီလောက်အထိ ဖလော်ရီယန်ဝစ်ဇ် ရုန်းကန်နေရတယ်ဆိုတာကို မြင်တွေ့ရလို့ အံ့အားသင့်နေခဲ့ပါတယ်။

"ရိုးရိုးသားသား ပြောရရင်တော့ ဟုတ်ပါတယ်။ အဲဒီအချိန်မှာ နည်းပြအန်းစလော့က လေဗာကူဆင်မှာ သူကစားခဲ့သလို No.10 Role ကစားခွင့်ပေးမယ်လို့ ကတိပေးခဲ့တာကြောင့် သူ လီဗာပူးဆီ သွားခဲ့တာလို့ ကျွန်တော်တို့ သဘောပေါက် နားလည်ခဲ့ပါတယ်"

"ဒါက လီဗာပူးကို ရွေးချယ်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်မှာ အရေးပါတဲ့ အချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ငွေကြေးအရတော့ သိသိသာသာကြီးမားတဲ့ ကွာခြားချက်တွေ မရှိခဲ့ပါဘူး။ သူက ဆုံးဖြတ်ချက် ချခဲ့ပြီး ကျွန်တော်တို့ဘက်ကလည်း အဲဒါကို လက်ခံခဲ့ပါတယ်" လို့ ရူမင်နစ်ဂီက ဆိုပါတယ်။

ဒါပေမဲ့လည်း အသက် ၇၁ နှစ်အရွယ်ပုဂ္ဂိုလ်ကတော့ ဖလော်ရီယန်ဝစ်ဇ်အတွက် တံခါးကို အပြီးအပိုင်ပိတ်ပစ်ချင်ပုံ မရပါဘူး။

"တစ်ချိန်ချိန်မှာ တစ်ခုခု ဖြစ်လာနိုင်သေးသလားဆိုတာတော့ ကျွန်တော် မသိပါဘူး" လို့ ဘိုင်ယန်မြူးနစ်အသင်းကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်က ပြောပါတယ်။

"အဓိကမေးခွန်းက လီဗာပူးမှာ ဖလော်ရီယန်ဝစ်ဇ် ပျော်ရွှင်နေရဲ့လား ဆိုတာပါပဲ။ အဲ့ဒါကိုတော့ ကျွန်တော် မဆုံးဖြတ်နိုင်ပါဘူး။ အူလီဟိုးနက်စ်နဲ့ ကျွန်တော်တို့က သူ့ရဲ့မိဘတွေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ အဆက်အသွယ် ရှိခဲ့ပါတယ်။ နောက်တော့ သူတို့ဘက်က အခြားဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်တို့ လေးစားခဲ့ပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။