နာပိုလီနဲ့ စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေဖြစ်ပြီးနောက် အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ရေဒါအောက် ရောက်ရှိလာတဲ့ အန်ဂွီဆာ
နာပိုလီကွင်းလယ်လူအန်ဂွီဆာရဲ့အနာဂတ် မရေမရာဖြစ်လာချိန် စီးရီးအေပြိုင်ဘက်တွေဖြစ်ကြတဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့က ကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။
Tuttosport ရဲ့ဖော်ပြချက်အရ စာချုပ်သစ်ချုပ်ဆိုရေးအတွက် နာပိုလီအားကစားဒါရိုက်တာဂျိုဗန်နီမန်နာနဲ့ ကင်မရွန်းလက်ရွေးစင်ကစားသမားရဲ့ ကိုယ်စားလှယ်တို့အကြား ဆွေးနွေးမှုတွေ မတိုးတက်လာသေးဘူးလို့ သိရပါတယ်။
အန်ဂွီဆာက လက်ရှိ ရရှိနေတဲ့ တစ်နှစ် လုပ်ခ ယူရို ၃ ဒသမ ၈ သန်းထက် သိသိသာသာ ပိုမိုများပြားတဲ့ တစ်နှစ်လုပ်ခလစာ ယူရို ၆ သန်းဝန်းကျင်အထိ လိုလားနေတယ်လို့ သိရပါတယ်။
နာပိုလီဘက်ကတော့ ဒီတောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ တွန့်ဆုတ်နေပြီး ကွင်းလယ်ကစားသမားရဲ့ လတ်တလောဒဏ်ရာပြဿနာတွေအပြင် အသင်းရဲ့လက်ရှိလစာသတ်မှတ်ချက်မူဘောင်ကိုလည်း ထည့်သွင်းစဉ်းစားနေပါတယ်။
အခုလိုမရေမရာဖြစ်နေတဲ့ အခြေအနေကြောင့် အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့က အခြေအနေကို စောင့်ကြည့်ဖို့ သတိပြုမိလာခဲ့ကြသလို အေစီမီလန်ကလည်း အသက် ၃၀ နှစ်အရွယ်ကစားသမားရဲ့ နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အန်ဂွီဆာက နာပိုလီအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသထားနိုင်ပေမဲ့ နှစ်ဖက်အကြား စာချုပ်သစ်သဘောတူညီမှု မရရှိနိုင်ဘူးဆိုရင် သူ့ရဲ့စာချုပ် အခြေအနေအရ အီတလီနိုင်ငံအတွင်းရှိ အခြားကလပ်အသင်းတစ်ခုဆီ ပြောင်းရွှေ့ဖို့ လမ်းပွင့်သွားနိုင်ပါတယ်။