အီဆက်ရဲ့ကစားပုံစွမ်းဆောင်ရည်ကို အခုထက်ပိုပြီး မြှင့်တင်ဖို့ တောင်းဆိုလိုက်တဲ့ အီရာအိုလာ
ဘုန်းမောက်ကို ၀-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးအီဆက်ကိုယ်တိုင် ကစားပုံစွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးဖို့ လီဗာပူးနည်းပြအီရာအိုလာက တိုက်တွန်းခဲ့ပါတယ်။
ဗီတယ်လတီကွင်းမှာကစားခဲ့တဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်မှာ အီဆက်က အခုရာသီ၊ စတုတ္ထမြောက်ပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူပြီး အသင်းအတွက် အဖိုးတန်နိုင်ပွဲ ရယူပေးခဲ့ပါတယ်။
နယူးကာဆယ်မှ ပေါင် ၁၂၅ သန်းဖြင့် အငြင်းပွားဖွယ် ပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာပြဿနာတွေ၊ ခြေစွမ်းပိုင်းကျဆင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အီဆက်က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ အင်္ဂလန်ထိပ်တန်းလိဂ်မှာ သုံးဂိုးသာ သွင်းယူခဲ့ပါတယ်။
အခုတော့ ဆွီဒင်ကြယ်ပွင့်က လီဗာပူးရဲ့ရာသီအဖွင့်လိဂ်ပွဲစဉ်ငါးခုမှာတင် ပြီးခဲ့တဲ့ရာသီ၊ သူသွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။
ဒါပေမဲ့ လီဗာပူးရဲ့ပွဲစဉ်အပေါ်စိုးမိုးနိုင်မှုကို ဂိုးမိုးရွာသွန်းမှုအဖြစ် ပြောင်းလဲပစ်ချင်နေတဲ့ နည်းပြအီရာအိုလာကတော့ အီဆက်ဆီမှ အခုထက်ပိုမိုကောင်းမွန်တဲ့ပုံစံမျိုးကို လိုလားတောင့်တနေပါတယ်။
လီဗာပူးနည်းပြက " ပွဲချိန်တလျှောက်လုံး ငြိမ်သက်နေခဲ့ပြီးနောက် ရရှိလာတဲ့ အခွင့်အရေးကို အီဆက် အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒါ တိုက်စစ်မှူးတစ်ဦးရဲ့အလုပ်ပါပဲ"
"သူ့မှာ ကောင်းမွန်တဲ့အခြေအနေတချို့ ရှိခဲ့ပါတယ်။ ဖြတ်တင်ဘောတစ်ကြိမ်ကို ပိုင်ပိုင်နိုင်နိုင်အဆုံးမသတ်နိုင်တာ၊ ဘောလုံးထိန်းချုပ်ပုံ မမှန်ကန်တာတွေ ရှိခဲ့ပြီးနောက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်
"ဒါပေမဲ့ ပြိုင်ဘက်ဂိုးဧရိယာနဲ့ ပိုမိုနီးကပ်လာစေဖို့၊ ပြိုင်ဘက်ရဲ့ကွင်းဘက်ခြမ်းမှာ ကစားနိုင်ဖို့နဲ့ အဓိပ္ပာယ်ရှိတဲ့ ဘောလုံးပိုင်ဆိုင်မှုတွေ ရှိစေဖို့အတွက် သူက ကျွန်တော်တို့ကို ကူညီပေးရပါမယ်"
"အဲဒီလိုနဲ့ အသင်းလိုက်ကစားနိုင်ပြီဆိုရင်တော့ သူလည်း သွင်းဂိုးတွေဆိုတဲ့ ဆုလာဘ်တွေကို ရရှိလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် ကစားနိုင်ဖို့အတွက် အဲဒီလို အဆင့်အတန်းမျိုး လိုအပ်ပါတယ်" လို့ ဆိုပါတယ်။