အသင်းဟောင်းနဲ့ရင်ဆိုင်ရချိန် လီဗာပူးအသင်းဆီမှ ပြတ်သားရက်စက်တဲ့ကစားဟန်မျိုး ထွက်ပေါ်လာဖို့ တောင်းဆိုလိုက်တဲ့ အီရာအိုလာ
လီဗာပူးနည်းပြအီရာအိုလာက အခုသီတင်းပတ်ကုန်၊ ကလပ်အသင်းဟောင်းနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ပြတ်သားရက်စက်တဲ့နိုင်ပွဲတစ်ခု ဖန်တီးဖို့ ပစ်မှတ်ထားနေပြီး ဘုန်းမောက်အပေါ် ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကို ခေတ္တခဏဘေးဖယ်ထားလိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။
အီရာအိုလာက ဘုန်းမောက်နဲ့အတူ အောင်မြင်တဲ့အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီကာလအတွင်း အန်ဖီးလ်ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။
အသက် ၄၄ နှစ်အရွယ်နည်းပြအတွက် အင်္ဂလန်တောင်ဘက်ကမ်းရိုးတန်းဒေသမှာ သုံးနှစ်ကြာရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ပြန်လည်ဆုံတွေ့ရဖို့ရှိသလို ဗီတယ်လတီကွင်းဆီ ပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိလာမှုကြောင့် စိတ်လှုပ်ရှားစရာ အခိုက်အတန့်တစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။
ဒါပေမဲ့ အီရာအိုလာကတော့ အခုရာသီ၊ လီဗာပူးအတွက် ဒုတိယမြောက်ပရီးမီးယားလိဂ်နိုင်ပွဲ ရှာဖွေဖို့ကြိုးပမ်းချိန် စိတ်ခံစားမှုတွေကြောင့် အနှောင့်အယှက် ဖြစ်လာလို့ မရဘူးဆိုတာ ကောင်းကောင်းသိရှိထားပါတယ်။
"တစ်ဦးချင်းခံစားချက်အရတော့ ကျွန်တော်ချစ်ခင်ရတဲ့ ကစားသမားတွေ၊ တန်ဖိုးထားရတဲ့ အတူတွဲလုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတွေကို တွေ့ဆုံပြီး ဖက်လှဲတကင်း နှုတ်ဆက်ဖို့ တကယ်ပဲ စောင့်မျှော်နေပါတယ်" လို့ သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို အီရာအိုလာက ပြောပါတယ်။
"မနေ့က သူတို့ရဲ့ပထမဆုံးဥရောပပွဲစဉ်ကစားချိန်မှာလည်း ကျွန်တော် သူတို့ကို အားပေးခဲ့ပါတယ်။ သူတို့အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အရေးကြီးဆုံးဖြစ်တဲ့ နောက်ထပ်အပိုင်းတစ်ခု ရှိပါသေးတယ်"
"အဲဒါကတော့ ကျွန်တော်တို့ အဲဒီကွင်းဆီ သွားရမယ်၊ သူတို့ကို အနိုင်ယူရမယ်၊ တက်နိုင်သမျှ ပြတ်သားရက်စက်ရမယ်ဆိုတာပါပဲ။ စကားပြောဆိုမှုအားလုံးကိုတော့ ပွဲပြီးမှပဲ လုပ်ဆောင်သွားပါမယ်"လို့ ဆက်ပြောပါတယ်။
စပိန်လူမျိုးနည်းပြက ပြီးခဲ့တဲ့ဇန်နဝါရီလ၊ ဗီတယ်လတီကွင်းမှာ လီဗာပူးကို ဘုန်းမောက်တို့ ၃-၂ ဂိုးဖြင့် အနိုင်ရရှိအောင် ဦးဆောင်ပေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ အခုရာသီမှာတော့ လီဗာပူးအတွက် အလားတူကံကြမ္မာဆိုးမျိုး ကြုံတွေ့လာမယ့်အရေးကို အီရာအိုလာ ခွင့်ပြုပေးလို့ မရတော့ပါဘူး။
ကြိုးကြာနီတွေက ပရီးမီးယားလိဂ်ရာသီအဖွင့်လေးပွဲအနက် သုံးပွဲအထိ သရေကျပြီး ရာသီအစမှာတင် အနည်းငယ်ယိမ်းယိုင်နေပါတယ်။
ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလားနိုင်ပွဲတွေကြောင့် အီရာအိုလာရဲ့ရာသီသစ်စတင်မှုကို ခြောက်ပွဲဆက်အထိ ထိန်းသိမ်းထားနိုင်ပေမဲ့ ဝေဖန်မှုတွေ တိတ်ဆိတ်သွားဖို့ဆိုရင်တော့ တနင်္ဂနွေနေ့ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။
အီရာအိုလာက ဘုန်းမောက်ရဲ့အားနည်းချက်တွေကို အခွင့်ကောင်းယူနိုင်လောက်အောင် ပြိုင်ဘက်ရဲ့လူစာရင်းပိုင်းကို ကောင်းကောင်းသိရှိထားသလို သူ့ရဲ့ကစားသမားဟောင်းတွေကိုယ်တိုင်လည်း သူ့ရဲ့နည်းစနစ်တွေကို သိထားလို့ ပြန်လည်အသုံးချသွားနိုင်တယ်ဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပါတယ်။
"ကျွန်တော်တို့ ဘယ်နေရာဆီ သွားရမလဲဆိုတာ သိသလို အဲဒီမှာ သူတို့ပိုင်ဆိုင်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေကိုလည်း သိပါတယ်။ အချိန်အတော်ကြာကာလအတွင်း သူတို့ ဘယ်လောက်အထိ မရှုံးနိမ့်ခဲ့သလဲဆိုတာ ကြည့်လိုက်ရင် ဘုန်းမောက်ကို အနိုင်ယူဖို့ဆိုတာ ဘယ်လောက်အထိခက်ခဲမယ်ဆိုတာ သိနိုင်ပါတယ်" လို့ အီရာအိုလာက ပြောပါတယ်။
"ကျွန်တော်က သူတို့ကို ကောင်းကောင်းသိတယ်ဆိုတဲ့ အားသာချက်ရှိသလို၊ သူတို့ကလည်း ကျွန်တော့်ကို ကောင်းကောင်းသိတယ်ဆိုတဲ့ အားသာချက် ရှိနေကြပါတယ်"
"အဓိကအယူအဆတွေ၊ ကစားဟန်ဒဿနတွေနဲ့ပတ်သက်ပြီး အသင်းမှ ကျွန်တော်မထွက်ခွာခင် လက်ရှိဘုန်းမောက်နည်းပြမာကိုရို့စ်နဲ့ စကားပြောခွင့်ရရှိလို့ ကံကောင်းခဲ့ပါတယ်။ ဒါတွေ အရမ်းကြီးမပြောင်းလဲသွားဘဲ သူတို့က အလွန်အန္တရာယ်များတဲ့ကလပ်အသင်းအဖြစ် ဆက်ရှိနေဆဲပါပဲ" လို့ ဆိုပါတယ်။