ခက်ခဲကြမ်းတမ်းတဲ့ ဒါဘီနိုင်ပွဲအပြီး မန်စီးတီးရဲ့စိတ်ဓါတ်ကြံ့ခိုင်မှုကို ဟာလန်းချီးကျူး
ယမန်နေ့(တနင်္ဂနွေနေ့)၊ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ၀-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် မန်စီးတီးအသင်းရဲ့စိတ်ဓါတ်ပိုင်းကြံ့ခိုင်မှုကို ဟာလန်းက ချီးကျူးခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ ပွဲချိန် ၂၃ မိနစ်မှာတင် ဖိုဒန် ထုတ်ပယ်ခံရလို့ မန်စီးတီးက လက်ကျန်ပွဲချိန်တလျှောက်လုံး ကစားသမား ၁၀ ဦးတည်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ဆင်ကန်သွင်းမှုနှစ်ကြိမ်တိုင် ဂိုးတိုင်ထိ ထွက်သွားခဲ့သလို ပွဲချိန်မိနစ် ၆၀ မှာ ဟာလန်းသွင်းယူခဲ့တဲ့ ဂိုးက ပွဲအဖြေကို အဆုံးအဖြတ်ပေးနိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီး မန်စီးတီးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဟာလန်းက "ကျွန်တော့်ဘဝမှာ ကစားသမား ၁၀ ဦးတည်းနဲ့ ကစားရတဲ့ အခြေအနေမျိုးကို သိပ်မကြုံဖူးပါဘူး။ ဒါကြောင့် ကစားသမား ၁၀ ဦးတည်းနဲ့ အနိုင်ရရှိတယ်ဆိုတာ ထူးခြားတဲ့ အတွေ့အကြုံသစ်တစ်ခု ဖြစ်ပါတယ်။ တကယ့်ကို အံ့မခန်းပါပဲ" လို့ ပြောပါတယ်။
"ကျွန်တော်တို့အတွက် ခံစစ်ကို အသားပေးကစားဖို့ လိုအပ်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ နှစ်သက်တဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဘောလုံးကိုင်ထားပြီး ဂိုးသွင်းယူဖို့ ကြိုးစားရတဲ့ပုံစံကို နှစ်သက်ကြလို့ပါ"
"ဒီလိုအချိန်မျိုးမှာတော့ ခံစစ်ကို အသားပေးကစားပြီး အခွင့်အရေးရတဲ့အခါ အသုံးချဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီအရာကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်"
"အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားသမား ၁၀ ဦးတည်းနဲ့ ဘောလုံးကို ထိန်းချုပ်ကစားနိုင်တယ်ဆိုတာ အသင်းရဲ့စိတ်ဓါတ်နဲ့ အရည်အသွေးကို ပြသနေတာပါပဲ။ ဒါက စိတ်ဓါတ်ပိုင်းဆိုင်ရာ ခိုင်မာမှု ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း နည်းဗျူဟာပိုင်းကို အနည်းငယ်ပြောင်းလဲခဲ့ရပါတယ်။ အန်ဇိုမာရက်စ်ကာက နည်းဗျူဟာတစ်ခု ချမှတ်ပေးခဲ့ပြီး ကျွန်တော်တို့ရဲ့ပုံမှန်အားသာချက်နဲ့ မတူညီတဲ့ပုံစံမျိုး ကစားခဲ့ရပါတယ်။ တန်ပြန်တိုက်စစ်ကို ပိုအားပြုရတဲ့ ပုံစံမျိုးပေါ့" လို့ ဆိုပါတယ်။