အင်တာမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းကစားပုံ ပေါ့လျော့လွန်းခဲ့တယ်လို့ ဝေဖန်လိုက်တဲ့ နာပိုလီနည်းပြအယ်လီဂရီ
နာပိုလီနည်းပြအယ်လီဂရီက လက်ရှိချန်ပီယံအင်တာမီလန်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ စနေနေ့စီးရီးအေပွဲစဉ်မှာ သူ့ရဲ့အသင်းကစားပုံကို ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီကုန်၊ အီတလီလက်ရွေးစင်အသင်းဖော်ဟောင်း ကွန်တီရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ အယ်လီဂရီက နေပယ်လ်မြေမှာ ကောင်းမွန်တဲ့လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်ဖို့ တာဝန်ယူခဲ့ရပါတယ်။
ဒါပေမဲ့ အယ်လီဂရီရဲ့အသင်းက အခုဘောလုံးရာသီသစ်၊ စီးရီးအေပြိုင်ပွဲမှာ သုံးပွဲကစားပြီးချိန် တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၀ နေရာဆီ ရောက်ရှိနေလို့ ကောင်းမွန်တဲ့စတင်မှုတော့ မဖြစ်လာသေးပါဘူး။
နာပိုလီက ဆန်စီရိုကွင်းရဲ့ပထမပိုင်းပွဲချိန်ပြီးဆုံးဖို့ ရှစ်မိနစ်အလိုမှာတင် လက်ရှိချန်ပီယံအင်တာမီလန်ကို နှစ်ဂိုးပြတ်ဦးဆောင်ထားခဲ့ပြီး အဖိုးတန်အနိုင်သုံးမှတ်အပြည့် ရရှိဖို့ နီးစပ်ခဲ့ပါတယ်။
ဒါပေမဲ့ အင်တာမီလန်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မားကပ်စ်သူရမ်နဲ့ လော်တာရိုမာတီနက်ဇ်တို့က ဒီအခြေအနေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ မာတီနက်ဇ်က နာပိုလီရဲ့ဒုတိယမြောက်ဦးဆောင်ဂိုးအပြီး သုံးမိနစ်အကြာမှာ ဗွေဆော်ဦးချေပဂိုးကို သွင်းယူခဲ့သလို ပွဲချိန် ၈၂ မိနစ်မှာတော့ သူရမ်က ဒုတိယမြောက်ချေပဂိုးကို သွင်းယူခဲ့ပါတယ်။
နာကျင်အချိန်ပိုမှာတော့ မာတီနက်ဇ်က နာပိုလီဂိုးဧရိယာအတွင်း ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူကာ အနီးကပ်ကန်သွင်းရင်း အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ရယူသွားခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အယ်လီဂရီက သူ့ရဲ့ကစားသမားတွေနဲ့ပတ်သက်လို့ သိသိသာသာစိတ်ပျက်နေခဲ့ပြီး "ပရိသတ်တွေအတွက်တော့ ပျော်စရာကောင်းတဲ့ ပွဲစဉ်ဖြစ်ပေမဲ့ ကျွန်တော်တို့အတွက်တော့ မဟုတ်ပါဘူး။
ကျွန်တော်တို့က နှစ်ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ သိပ်ပြီးပေါ့လျော့လွန်းတဲ့ ဂိုးတစ်ဂိုး ပေးလိုက်ရပြီးချိန်မှာတော့ အင်တာမီလန်ရဲ့ကစားပုံအရှိန်အဟုန် ပြောင်းလဲလာပြီး ကျွန်တော်တို့ အခက်တွေ့လာခဲ့ပါတယ်။
အဆုံးအဖြတ်ဂိုးမှာတော့ ကျွန်တော်တို့က ဘောလုံးထွက်သွားပြီထင်ပြီး ကစားတာကို ရပ်လိုက်မိပေမဲ့ သူတို့ ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဘောလုံးဆိုတာ ဒီလိုပါပဲ၊ ကျွန်တော်တို့လည်း ဂိုးသွင်းနိုင်ခဲ့သင့်ပါတယ်" လို့ ဆိုပါတယ်။
အခုရှုံးပွဲအတွက် နည်းဗျူဟာပိုင်းဆိုင်ရာအချက်အလက်တွေကို ဆန်းစစ်ရာမှာ အယ်လီဂရီက "အထူးသဖြင့် ဘောလုံးထိန်းချုပ်ကစားပုံအပိုင်းမှာတော့ ကောင်းမွန်နေဆဲပါပဲ" လို့ ရှင်းပြခဲ့ပါတယ်။
"လက်ရှိအချိန်မှာ ကျွန်တော်တို့ပြုလုပ်ခဲ့မိတဲ့ အမှားအယွင်းတိုင်းအတွက် အများကြီး ပေးဆပ်နေရပါတယ်။ ကျွန်တော်တို့က နှစ်ပွဲမှာ ငါးဂိုးအထိ ပေးခဲ့ရလို့ ခံစစ်ဇုန်အတွင်း ကာကွယ်ရုံတင်မကဘဲ ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားရပါလိမ့်မယ်။
အခုတော့ တတိယမြောက်ပွဲစဉ်ပဲ ရှိသေးလို့ အခြေအနေတွေ တိုးတက်လာပါလိမ့်မယ်။ အခုတော့ စိတ်အေးအေးထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် စဉ်းစားရပါမယ်" လို့ ဆိုပါတယ်။