ဒေါ့မွန်ရဲ့မျှော်လင့်ချက်တွေကို အပြည့်အ၀ဖြည့်ဆည်းပေးနိုင်မယ့်သူလို့ အီသန်ဝါနရီကို ကိုဗက် ထောက်ခံပြောဆို
ဒေါ့မွန်နည်းပြနီကိုကိုဗက်က အာဆင်နယ်မှ အငှားဖြင့်ရောက်ရှိလာတဲ့ အီသန်ဝါနရီနဲ့ပတ်သက်လို့ ထင်မြင်ချက်ကို မျှဝေလိုက်ပါတယ်။
ကွန်စတန်တီးလီးယက်စ်ရဲ့ညာဒူးဒဏ်ရာရရှိမှုအပြီး ဒေါ့မွန်က အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးအချိန်မှာ အစားထိုးကစားသမားအဖြစ် အာဆင်နယ်ကြယ်ပွင့်အီသန်ဝါနရီကို အငှားဖြင့် ခေါ်ယူခဲ့ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့၊ ပိုကယ်လ်ဖလားပွဲစဉ်မှာ HEBC ဟမ်းဘတ်အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဒေါ့မွန်နည်းပြနီကိုကိုဗက်စ်က အသက် ၁၉ နှစ်အရွယ်ကစားသမားကို ယမန်နှစ်ဘောလုံးရာသီကတည်းက ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ဖူးတယ်လို့ ဖွင့်ဟပါတယ်။
"အဲဒီတုန်းကတော့ အဆင်မပြေခဲ့ပါဘူး။ ကွန်စတန်တီးလီးယက်စ်ရဲ့ စိတ်မကောင်းစရာ ဒဏ်ရာရရှိမှုအပြီးမှာတော့ ကျွန်တော်တို့အတွက် မဖြစ်မနေတုံ့ပြန်ဖို့ လိုအပ်ခဲ့ပါတယ်" လို့ ကိုဗက်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကိုဗက်စ်က အီသန်ဝါနရီအပေါ် မျှော်လင့်ချက် အများအပြားထားရှိထားပြီး ဒီလိုမျှော်လင့်ထားသလို လူငယ်ကစားသမားကိုယ်တိုင်လည်း စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
"ကျွန်တော်တို့က ဒီနေရာအတွက် တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိပြီး လျှင်မြန်လှသလို ဘောလုံးဆွဲပြေးရာမှာလည်း အားကောင်းတဲ့ ကစားသမားမျိုးကို ရှာဖွေနေခဲ့ပါတယ်" လို့ ကိုဗက်က ဆိုပါတယ်။
"ကျွန်တော်တို့က ဒီရာသီအတွက် တကယ့်ကိုကောင်းမွန်တဲ့ လူငယ်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီး ကျွန်တော်တို့ သူ့အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေအားလုံးကို သူကိုယ်တိုင် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူ လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ကျွန်တော် သေချာပေါက်ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။