The network connection is lost.

Banner Image

မိုဆာလက်လိုဖြစ်လာဖို့ အန်ဂူမိုဟာ ဘာတွေလုပ်သွားရမလဲဆိုတာ ဖွင့်ဟပြောပြာလာတဲ့ ဟတ်စကီး

လီဗာပူးမှာ မိုဟာမက်ဆာလက်နေရာကို အစားထိုးဝင်ရောက်နိုင်ဖို့ ကြိုးစားရတော့မယ့် အန်ဂူမိုဟာအတွက် အသင်းဂန္တဝင်ဟတ်စကီးက အကြံပြုချက်အချို့ ပေးပို့ခဲ့ပါတယ်။

မိုဆာလက်က လီဗာပူးအတွက် ၄၃၅ ပွဲကစားခဲ့ရာမှာ ၂၅၇ ဂိုးအထိ သွင်းယူပြီး ကလပ်အသင်းသမိုင်းတလျှောက် တတိယမြောက်သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အီဂျစ်ကြယ်ပွင့်က ပရိသတ်တွေအတွက် ဘယ်တော့မှ မေ့ပျောက်နိုင်စရာမရှိတဲ့ ဂန္တဝင်တစ်ဦး ဖြစ်လာပါတယ်။

မိုဆာလက်က လီဗာပူးအသင်းနဲ့အတူ ဆုဖလားမျိုးစုံ ဆွတ်ခူးနိုင်ခဲ့သလို သူ့ရဲ့ လျှင်မြန်လှတဲ့ အရှိန်အဟုန်၊ ပြိုင်ဘက်ဂိုးဧရိယာအတွင်းအပြင် ပုံစံမျိုးစုံဖြင့် ဂိုးသွင်းယူနိုင်မှုလို အရည်အချင်းတို့ကြောင့် လူသိများထင်ရှားလှပါတယ်။

လတ်တလောမှာတော့ အသက် ၃၄ နှစ်အရွယ်ကစားသမားက အသင်းမှထွက်ခွာသွားလို့ သူ့ရဲ့နေရာမှာအစားထိုးနိုင်မယ့်ကစားသမားတစ်ဦးကို လီဗာပူးအသင်း ရှာဖွေနေပါတယ်။ ဒီကစားသမားက အန်ဂူမိုဟာ ဖြစ်လာနိုင်ပြီး အခုဘောလုံးရာသီမှာ လူငယ်ကြယ်ပွင့်ကို ညာတောင်ပံတိုက်စစ်နေရာအတွက် ပိုမိုမြင်တွေ့ရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

လီဗာပူးဂန္တဝင်ဟတ်စကီးကတော့ အန်ဂူမိုဟာကိုယ်တိုင် လာမယ့်ပွဲစဉ်တွေမှာ အချက်တစ်ခုကို ပြောင်းလဲပစ်နိုင်မယ်ဆိုရင် မိုဆာလက်ရဲ့နေရာကို အစားထိုးဝင်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဟတ်စကီးက "ဖြစ်နိုင်ပါတယ်၊ ကျွန်တော်လည်း ဒါကို မြင်တွေ့ချင်ပါတယ်။ အဓိကကတော့ အန်ဂူမိုဟာကိုယ်တိုင် ပုံမှန်အားဖြင့် ဘယ်တောင်ပံကစားသမားတစ်ဦး ဖြစ်နေလို့ သူ့ရဲ့ကစားပုံနဲ့ အတွေးအမြင်ကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ဒီအချက်ကိုသာ ပြောင်းလဲနိုင်မယ်ဆိုရင် သူက ပြိုင်ဘက်တွေအတွက် တကယ့်ကိုအန္တရာယ်ပေးနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်။

သူ့လိုမျိုး ဘောလုံးဆွဲပြေးနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦး ရရှိထားမယ်ဆိုရင် ပြိုင်ဘက်ကစားသမားတွေကို ဖြိုခွဲနိုင်ပြီး နေရာလွတ်တွေ စတင်ပေါ်ထွက်လာပါလိမ့်မယ်။

အဲဒီအချိန်ကျရင် ပြိုင်ဘက်အတွက် အခြားနေရာတွေမှာ ဝန်ထုပ်ဝန်ပိုးတွေ စတင်ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် သူက အနာဂတ်အတွက် အလားအလာအကောင်းမွန်ဆုံး ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသောအချက်ကတော့ မိုဆာလက်ရဲ့သွင်းဂိုးအရေအတွက်မျိုး အန်ဂူမိုဟာဆီမှ မမျှော်လင့်နိုင်တာပါပဲ။ အဲ့ဒီလိုပုံစံမျိုးတော့ ကျွန်တော်တို့ မရရှိနိုင်ပါဘူး"လို့ ဆိုပါတယ်။

လီဗာပူးအသင်းက ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာယီနဲ့ ဘာကိုလာတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အသက် ၁၇ နှစ်အရွယ်လူငယ်ကစားသမား အန်ဂူမိုဟာကို ကူညီဖို့ ဘယ်သူရောက်ရှိလာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။