ရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုကို ဘာကြောင့်ငြင်းပယ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ဘာစီလိုနာကစားသမားသစ် ရိုဒရီ
ရိုဒရီက အခုနွေရာသီမှာ ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ကာ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ဘာကြောင့် ရွေးချယ်ခဲ့ရလဲဆိုတဲ့ အကြောင်းရင်းကို ဖွင့်ဟပြောကြားခဲ့ပါတယ်။
အသက် ၃၀ နှစ်အရွယ်ကစားသမားက ပြောင်းရွှေ့ကြေး ယူရို ၇၆ ဒဿမ ၅ သန်းဖြင့် မန်စီးတီးမှ ဘာစီလိုနာဆီ အပြီးသတ်ပြောင်းရွှေ့ရောက်ရှိလာပါပြီ။
ဒါပေမဲ့ ရိုဒရီရဲ့အပြောင်းအရွှေ့ဇာတ်လမ်းမှာ လက်ရှိအခြေအနေနဲ့ အများကြီးကွဲပြားခြားနားနိုင်တဲ့ ဇာတ်ညွှန်းမျိုးလည်း ရှိခဲ့ဖူးပါတယ်။ အစောပိုင်းကာလတွေမှာ စပိန်သားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က အမှန်တကယ်ကြိုးပမ်းခဲ့ဖူးပေမဲ့ လက်တွေ့မှာတော့ ဘာစီလိုနာကသာ အပြောင်းအရွှေ့တရားဝင်ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာကစားသမားသစ်အဖြစ် မိတ်ဆက်ပြီးနောက် ရိုဒရီက ကလပ်အသင်းသစ်ရဲ့ ဘောလုံးအပေါ် နားလည်သဘောပေါက်မှုနဲ့ တန်ဖိုးထားမှုတွေကြောင့် အပြောင်းအရွှေ့ပြုလုပ်ဖို့ စိတ်အားထက်သန်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
"ဒီနေရာကို ရောက်လာရလို့ အလွန်ဝမ်းသာမိတယ်လို့ ပြောချင်ပါတယ်။ ဒါက အထူးခြားဆုံးနေ့ရက်တစ်ခု ဖြစ်သလို ကျွန်တော့်ကစားသမားဘဝအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ပါတယ်" လို့ ရိုဒရီက ရှင်းပြခဲ့ပါတယ်။
"ပထမဆုံးကတော့ မန်စီးတီးမှ ထွက်ခွာလာရလို့ ဖြစ်ပါတယ်။ မန်စီးတီးဆိုတာ ကျွန်တော့်အတွက် အရာရာတိုင်းကို ပေးဆပ်ခဲ့ပြီး အဲ့ဒီမှာ ကျွန်တော် အမှန်တကယ် ပျော်ရွှင်ခဲ့ပါတယ်။ ဒီအတွက် အမြဲတမ်းကျေးဇူးတင်သွားပါမယ်။ ကျွန်တော်ထွက်ခွာသွားနိုင်ဖို့ ကူညီပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဘောလုံးအပေါ် နားလည်တဲ့ပုံစံနဲ့ တန်ဖိုးထားမှုတွေကြောင့် ကျွန်တော့်အတွက်တော့ ကမ္ဘာ့အဆင့်စံပြအသင်းတစ်ခုလို အမြဲတမ်းတည်ရှိနေခဲ့ပါတယ်။ ကျွန်တော့်အတွက် အခြားကမ်းလှမ်းမှုတစ်ခု ရှိခဲ့တယ်ဆိုတာ မှန်ပေမဲ့ ဘာစီလိုနာသာ ပထမဦးစားပေးရွေးချယ်မှုပဲလို့ ဘုတ်အဖွဲ့ဆီ ပြောပြခဲ့ပါတယ်" လို့ ရိုဒရီက ဆိုပါတယ်။