ရိုဒရီရဲ့ဘာစီလိုနာဆီ ပြောင်းရွှေ့မှုကြောင့် ငွေကြေးအကျိုးအမြတ်ရရှိမယ့် ဗီလာရီးရဲလ်
ဘာစီလိုနာအသင်းက မန်ချက်စတာစီးတီးကြယ်ပွင့်ရိုဒရီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အခုနွေရာသီ၊ နံပါတ်တစ်ပစ်မှတ်ကို အရယူနိုင်ဖို့ အတော်လေးနီးစပ်လာပါတယ်။
လာလီဂါလက်ရှိချန်ပီယံတွေက ပြီးခဲ့တဲ့ဇူလိုင်လ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးခဲ့တဲ့ အသက် ၃၀ နှစ်အရွယ်ရိုဒရီကို တောက်လျှောက်ကြိုးပမ်းခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့ပြိုင်ပွဲမှ ရီးရဲလ်မက်ဒရစ်လည်း ထွက်ခွာသွားသလို ရိုဒရီကိုယ်တိုင်လည်း ၂၀၂၇ ခုနှစ်နောက်ပိုင်း၊ မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိဘူးလို့ အသိပေးလာပြီးနောက် ကလပ်အသင်းနှစ်ခုအကြား အပြောင်းအရွှေ့အတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။
အခုတော့ ပြောင်းရွှေ့ကြေးကို ယူရို ၇၅ သန်းဝန်းကျင် အတည်ပြုလိုက်နိုင်ပြီး ရိုဒရီရဲ့အပြောင်းအရွှေ့မှာ မန်စီးတီးအတွက် ဝင်ငွေတင်မက ကစားသမားရဲ့ကလပ်အသင်းဟောင်းလည်း ဝင်ငွေရပေါက်ရလမ်း ရှိလာပါတယ်။
ရိုဒရီရဲ့အသင်းဟောင်း ဗီလာရီးရဲလ်က အက်သလက်တီကိုမက်ဒရစ်နဲ့ မန်စီးတီးတို့ဆီ ကစားသမားမရောက်ရှိခင် ပြုစုပျိုးထောင်ပေးခဲ့မှုတွေအတွက် အခုအပြောင်းအရွှေ့ရဲ့ဝေစုအဖြစ် ယူရိုနှစ်သန်းဝန်းကျင် ရရှိပါလိမ့်မယ်။
ဖီဖာ(FIFA)ရဲ့ စည်းလုံးညီညွတ်မှုဆိုင်ရာ ပံ့ပိုးကြေး (Solidarity Mechanism) စည်းမျဉ်းအရ ကစားသမားတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကလပ်အသင်းတွေဆီ ဂုဏ်ပြုချီးမြှင့်လေ့ရှိရာ ဗီလာရီးရဲလ်က ဒီမက်ဒရစ်ဖွားကစားသမားရဲ့ ပြောင်းရွှေ့ကြေးအနက် ၂ ဒဿမ ၅ ရာခိုင်နှုန်းကို ခံစားခွင့် ရှိနေပါတယ်။ ဒီစည်းမျဉ်းအရ ကစားသမားတစ်ဦးကို အသက် ၁၂ နှစ်မှ ၂၃ နှစ်အရွယ်အထိ လေ့ကျင့်ပေးခဲ့တဲ့ ကလပ်အသင်းတွေအတွက် စုစုပေါင်းပြောင်းရွှေ့ကြေးရဲ့ ၅ ရာခိုင်နှုန်း ခွဲဝေပေးရမယ်လို့ ဆိုထားပါတယ်။ အသက် ၁၆ နှစ်မှ ၂၃ နှစ်အတွင်း ကစားသမားကို လေ့ကျင့်ပေးခဲ့တဲ့ ကလပ်အသင်းတွေကတော့ တစ်နှစ်ချင်းစီအတွက် ပြောင်းရွှေ့ကြေးရဲ့ ၀ ဒဿမ ၅ ရာခိုင်နှုန်း ရပိုင်ခွင့် ရှိပါတယ်။
ရိုဒရီက ၂၀၁၃ ခုနှစ်၊ အသက် ၁၇ နှစ်အရွယ်မှာ အက်သလက်တီကိုမက်ဒရစ်မှ ဗီလာရီးရဲလ်အကယ်ဒမီဆီ ရောက်ရှိလာခဲ့ပြီး ၂၀၁၈ ခုနှစ်နွေရာသီ(အသက် ၂၂ နှစ်အရွယ်)မှာ အသင်းမှ ထွက်ခွာသွားပါတယ်။ ဒါကြောင့် သူက ဗီလာရီးရဲလ်နဲ့အတူ ငါးရာသီကြာ ရှိနေခဲ့လို့ စပိန်လာလီဂါကလပ်အသင်းအတွက် စုစုပေါင်းပြောင်းရွှေ့ကြေးရဲ့ ၂ ဒဿမ ၅ ရာခိုင်နှုန်းကို ခံစားခွင့်ရှိနေပါတယ်။
အတိတ်မှာလည်း ဗီလာရီးရဲလ်က အက်သလက်တီကိုမက်ဒရစ်မှ မန်စီးတီးဆီ ရိုဒရီပြောင်းရွှေ့ချိန် စာချုပ်ပါသဘောတူညီမှုအရ ယူရို ၇ သန်း ရရှိခဲ့ဖူးပါတယ်။