အခုနွေရာသီ၊ ယူနိုက်တက်အတွက် အကောင်းဆုံးခေါ်ယူမှုဖြစ်လာနိုင်သူအကြောင်း သုံးသပ်ပြောဆိုလာတဲ့ ရုဒ်ဂူးလစ်
ချဲလ်ဆီးနည်းပြဟောင်းနဲ့ ဂန္တဝင်ကွင်းလယ်ကစားသမား ရုဒ်ဂူးလစ်က မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အခုနွေရာသီ၊ မန်ချက်စတာယူနိုက်တက်အတွက် ကစားသမားသစ်တစ်ဦး ခေါ်ယူလိုက်သမျိုး ဖြစ်လာနိုင်သူလို့ သုံးသပ်ပြောကြားလိုက်ပါတယ်။
ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ရာသီ၊ အငှားဖြင့်သွားရောက်ကစားချိန် ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းဝန်းကျင်နဲ့ အပြီးသတ်ဝယ်ယူခွင့် ရှိခဲ့ပေမဲ့ ဒီအခွင့်အရေးကို အသုံးမချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒဗ္ဗလင်မြို့၊ Croke Park မှာ ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အတွက် ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အသင်းကစားသမားတွေနဲ့အတူ လိုက်ပါသွားခဲ့ပေမဲ့ ပွဲနေ့လူစာရင်းမှာတော့ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ကို အသင်းမှာ ပြန်လည်အသုံးပြုမလားဆိုတာကို ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
အခုလအစောပိုင်းမှာ သရဲနီတွေက ရက်ရှ်ဖို့ဒ်ကို ကျောနံပါတ် ၁၄ ဂျာစီ ပေးလိုက်လို့ နည်းပြကာရစ်လက်အောက်မှာ ရက်ရှ်ဖို့ဒ်အတွက် သက်သေပြနိုင်မယ့် အခွင့်အရေးရလာဖွယ် ရှိပါတယ်။
Sport Witness နဲ့ အင်တာဗျူးမှာ ရုဒ်ဂူးလစ်က ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်လို့ အံ့အားသင့်စရာ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သလို တိုက်စစ်ပိုင်းအတွက်လည်း ပုံစံသစ်တစ်မျိုးနဲ့ အားဖြည့်ပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
"မားကပ်စ်ရက်ရှ်ဖို့ဒ်က အကောင်းဆုံးခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။ ဘာစီလိုနာမှာ အများကြီးသင်ယူခဲ့ရသလို ယူနိုက်တက်မှာကစားခဲ့ချိန်ထက် ပိုပြီးလွတ်လွတ်လပ်လပ်နဲ့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်" လို့ ဂူးလစ်က ဆိုပါတယ်။
"ဒါက သူ့အမှားလား ဒါမှမဟုတ် အသင်းရဲ့ပတ်ဝန်းကျင်ကြောင့်လား? ကစားသမားတစ်ဦးကိုပဲ လက်ညှိုးထိုးဖို့ဆိုတာ တကယ်လွယ်ပါတယ်။ ဒါပေမဲ့ သူ တခြားနေရာမှာ ကောင်းကောင်းကစားနိုင်တယ်ဆိုရင်တော့ အရင်ပတ်ဝန်းကျင်မှာ တစ်ခုခု မှားနေလို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူသာ အသင်းမှာ ဆက်ရှိနေပြီး ဘာစီလိုနာမှာ ကစားခဲ့သလိုမျိုး ခြေစွမ်းပြနိုင်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အတွက် တကယ့်ကို ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာပါလိမ့်မယ်"လို့ ဂူးလစ်က ရှင်းပြခဲ့ပါတယ်။
သရဲနီတွေအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံးကစားပေးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ်ကစားသမားက သူ့ရဲ့ငယ်ဘဝကလပ်အသင်းမှာ အခွင့်အရေးပြန်ရဖို့ရှိနေလို့ ဘယ်လောက်အထိ အစွမ်းပြနိုင်မလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။