The network connection is lost.

Banner Image

ဂျရတ်နဲ့ဖုန်းပြောပြီးနောက် လီဗာပူးဆီ ပြောင်းရွှေ့ဖို့ တားဆီးမရအောင် ဖြစ်ခဲ့ရတယ်လို့ ဗန်ဒိုက်ဖွင့်ဟ

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း အန်ဖီးလ်ဆီ ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့ချိန် စတီဗင်ဂျရတ်ရဲ့အကူအညီပေးခဲ့ပုံကို ပြောပြလာပါတယ်။

လီဗာပူးအသင်းက ဒတ်ချ်နောက်ခံလူကို ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမတိုင်ခင် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ၂၀၁၈ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်မှသာ ပေါင် ၇၅ သန်းဖြင့် ဆောက်သမ်တန်ကပ္ပတိန်ဟောင်းကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။

ဗန်ဒိုက်က မာဆေးဆိုဒ်မှာ အသင်းရဲ့အမှတ်လက္ခဏာတစ်ခု ဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား၊ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ပရီးမီးယားလိဂ်ဖလားတွေကို ရယူခဲ့ပါတယ်။ အခုတော့ သူက အသင်းနဲ့ စာချုပ်နောက်ဆုံးနှစ်ဆီ ရောက်နေပြီး ၂၀၂၇ နွေရာသီ၊ အသင်းမှမထွက်ခွာခင် လီဗာပူးအတွက် ပွဲ ၄၀၀ ကျော်အထိ ကစားပေးဖို့ ရှိနေပါတယ်။

လာမယ့်သြဂုတ် ၁၈ ရက်မှာပြသမယ့် လီဗာပူးအသင်းရဲ့ ကိုယ်ပိုင်ရုပ်ရှင် 'Captains' နဲ့ ပတ်သက်ပြီး ကြော်ငြာရာမှာ ဂျရတ်က ဗန်ဒိုက်နဲ့စကားပြောခဲ့ပုံကို ပြန်ပြောပြခဲ့ပါတယ်။ "အဲဒီတုန်းက ကျွန်တော့်ဆီ ဗန်ဒိုက် ဖုန်းဆက်ပါတယ်။ သူ့ရဲ့အေးဂျင့်ကိုလည်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူ့အတွက်တော့ မန်စီးတီး သို့မဟုတ် လီဗာပူး အသင်းနှစ်ခုအနက် တစ်ခုကို ရွေးချယ်ရမယ့် အခြေအနေဖြစ်ပါတယ်" လို့ ဂျရတ်က ဆိုပါတယ်။

"သူက ကျွန်တော့်ကို ပြောတယ် - 'ကျွန်တော် ဒီပြောင်းပါ၊ ဟိုပြောင်းပါလို့ ခင်ဗျားကို တိုက်တွန်းခိုင်းဖို့ ဖုန်းဆက်တာ မဟုတ်ပါဘူး၊ ခင်ဗျား ဘယ်ဘက်ကို တိုက်တွန်းမလဲဆိုတာ ကျွန်တော် သိပြီးသားပါ။ ဒါပေမဲ့ လီဗာပူးအကြောင်းလေး နည်းနည်းလောက် ပြောပြပါဦး'တဲ့။ အဲဒီတော့ ကျွန်တော်က 'တကယ်လို့ ကလပ်အသင်းတွေက ဘာကို ကိုယ်စားပြုလဲဆိုတာ သိချင်တာဆိုရင်တော့ ခင်ဗျား အချိန်ကုန်ခံမနေပါနဲ့တော့၊ ဘာလို့လဲဆိုတော့ ခင်ဗျား စိတ်ထဲမှာ အဖြေရှိပြီးသားလို့ ကျွန်တော် ထင်လို့ပါ' လို့ ပြန်ပြောခဲ့တယ်" လို့ ဂျရတ်က ပြန်ရှင်းပြပါတယ်။

ဗန်ဒိုက်ကလည်း "ဒီဖုန်းပြောဆိုမှုကို ကျွန်တော် သေချာပေါက် မှတ်မိတာပေါ့။ ယာဂန်ကလော့ပ်အပြင် ခင်ဗျားနဲ့ ဟန်ဒါဆန်တို့ကလည်း ကျွန်တော့်အတွက် တကယ့်ကို အရေးပါခဲ့ကြပါတယ်။ ခင်ဗျားနဲ့ စကားပြောခွင့်ရတယ်ဆိုတာ ကျွန်တော့်အတွက်တော့ တကယ်ကိုထူးခြားပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒီကလပ်အသင်းမှာကစားချင်စိတ်တွေ အလွန်ပြင်းပြလာပါတယ်" လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။