ဒိုကူကို ငါးနှစ်သက်တမ်းရှိစာချုပ်သစ် ချုပ်ဆိုလိုက်ပြီလို့ မန်စီးတီးအသင်းကြေညာ
မန်စီးတီးအသင်းတောင်ပံကစားသမားဂျရမီဒိုကူက ကြာသပတေးနေ့မှာ အသင်းနဲ့အတူ ငါးနှစ်သက်တမ်းတိုးစာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
၂၀၂၃ ခုနှစ်၊ ပြင်သစ်ကလပ်ရန်းနက်စ်မှ ပြောင်းရွှေ့လာခဲ့တဲ့ ဒိုကူက ပရီးမီးယားလိဂ်မှာ အတောက်ပဆုံးတိုက်စစ်ကစားသမားတွေအနက် တစ်ဦးအဖြစ် တိုးတက်လာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားက မန်စီးတီးအတွက် ၁၃၁ ပွဲကစား၊ ၂၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူက အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားတို့ကို ရယူထားနိုင်ပါတယ်။
ဒိုကူက ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ၄၈ ပွဲ ကစားပေးထားသလို နောက်ဆုံးကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်ကစားခဲ့ပါတယ်။ ဒိုကူကို အနည်းဆုံး ၂၀၃၁ ခုနှစ်အထိ အသင်းမှာ ဆက်ထိန်းထားနိုင်မှုကြောင့် သြဂုတ် ၂၁ ရက်စတင်မယ့် ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ မန်စီးတီးနည်းပြသစ်အန်ဇိုမာရက်စ်ကာအတွက် အားတက်စရာကိစ္စ ဖြစ်လာပါတယ်။
မာရက်စကာက အီတီဟတ်ကွင်းမှာ ပက်ဂွါဒီယိုလာရဲ့နေရာကို အစားဝင်လာပြီး ဒိုကူကလည်း နည်းပြသစ်ရဲ့ကစားဟန်ကြောင့် သူ့ရဲ့အနာဂတ်ကို မန်စီးတီးမှာပဲ ရေရှည်မြှုပ်နှံသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
"အခုထိ မန်စီးတီးမှာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ကျွန်တော် တကယ်သဘောကျပါတယ်။ ဒါကြောင့် အခုလို အသင်းမှာ အကြာကြီး ဆက်နေခွင့်ရတယ်ဆိုတာ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲ" လို့ ဒိုကူက ပြောပါတယ်။ "ဒီကလပ်က ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ကစားသမားတစ်ဦးအဖြစ်၊ လူသားတစ်ဦးအဖြစ် တိုးတက်လာခဲ့ပါတယ်။ ဒီမှာ အသားကျနေပြီဖြစ်သလို နည်းပြအဖွဲ့ရဲ့ကူညီမှုကြောင့် နေ့တိုင်း တိုးတက်လာနေတယ်လို့ ခံစားရပါတယ်။ အခု မာရက်စ်ကာလည်း ရောက်လာပြီဆိုတော့ ရာသီသစ်အတွက် တကယ်ကို စိတ်လှုပ်ရှားနေပါတယ်။ သူ့ရဲ့ကစားပုံက ကျွန်တော်တို့ သဘောကျတဲ့ပုံစံမျိုးဆိုတော့ ကစားသမားတွေအတွက် တကယ်ကို စိတ်အားတက်စရာပါပဲ" လို့ သူက ဆိုပါတယ်။
မန်စီးတီးအသင်းဘောလုံးဒါရိုက်တာဟူဂိုဗီယာနာကလည်း "၂၀၂၃ ခုနှစ်၊ ကျွန်တော်တို့ဆီ ဒိုကူရောက်လာချိန်ကတည်းက ဘယ်လောက်အထိ သိသိသာသာတိုးတက်လာသလဲဆိုတာ အားလုံးမြင်ကြပါတယ်။ သူက တကယ့် ပါရမီရှင်ပါ။ သူ့မှာ ကျွန်တော်တို့အတွက် လိုအပ်နေတဲ့ တောင်ပံကစားသမားတစ်ဦးရဲ့အရည်အသွေးတွေ အပြည့်ရှိပါတယ်။ အသင်းအတွက်လည်း ထူးခြားတဲ့အရည်အသွေးတွေ ယူဆောင်ပေးလာနိုင်သူပါ။ သူက အခုစာချုပ်သစ်နဲ့ ထိုက်တန်သလို ရှေ့လာမယ့် လတွေ၊ နှစ်တွေမှာလည်း ဆက်ပြီး တိုးတက်နေဦးမယ်ဆိုတာ ကျွန်တော် သိပါတယ်" လို့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။