ရီးရဲလ်မက်ဒရစ်အသင်းကိုယ်စားပြုခွင့် ရရှိတယ်ဆိုတာ ဂုဏ်ယူစရာပါလို့ ကူကူရယ်လာဆို
၂၀၂၆ ကမ္ဘာ့ဖလားအပြီး အားလပ်ရက်အကြာကြီးယူခဲ့ကြတဲ့ ကစားသမားတွေ ပြန်ရောက်လာကြလို့ နည်းပြမော်ရင်ဟိုကတော့ သူ့ရဲ့ရီးရဲလ်မက်ဒရစ်အသင်းကစားသမားအားလုံးနဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းတွေ ပြန်လည်စတင်နိုင်ခဲ့ပါပြီ။
ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်၊ အမ်ဘာပေနဲ့ ချူအာမန်နီတို့အပြင် အသစ်ခေါ်ယူထားတဲ့ ကိုနာတေးတို့လည်း အသင်းနဲ့ ပြန်လည်ပူးပေါင်းနေကြပါပြီ။
ပြီးခဲ့တဲ့ဇွန်လအတွင်း ချဲလ်ဆီးမှ ယူရို ၅၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့တဲ့ ကူကူရယ်လာကတော့ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲ ရယူပြီးနောက် Valdebebas လေ့ကျင့်ရေးကွင်းဆီ နောက်ဆုံးရောက်ရှိလာသူ ဖြစ်ပါတယ်။
ကူကူရယ်လာက မော်ရင်ဟိုရဲ့လက်အောက် ဘယ်နောက်ခံလူနေရာအတွက် ပထမဦးစားပေး ဖြစ်လာပါလိမ့်မယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားက လာမယ့်စက်တင်ဘာလအတွင်းမှသာ ကြံ့ခိုင်မှုပိုင်းပြည့်၀လာဖို့ ရှိပေမဲ့ စပိန်မြေမှာ သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အသင့်ဖြစ်နေပါပြီ။
"ဒါ တကယ်ကို ဂုဏ်ယူစရာပါပဲ။ ရီးရဲလ်မက်ဒရစ်ဂျာစီ ဝတ်ဆင်နိုင်ပြီလို့ လူတိုင်း မပြောနိုင်ကြပါဘူး။ ဒီမှာ ထိပ်တန်းဂန္ထဝင်ကစားသမားတွေ အများကြီး ရှိခဲ့ဖူးသလို ဥရောပရဲ့အကြီးကျယ်ဆုံးနဲ့ သမိုင်းကြောင်း အကောင်းဆုံးကလပ်အသင်းလည်း ဖြစ်ပါတယ်" လို့ ကူကူရယ်လာက ဆိုပါတယ်။
"ဒီကို ရောက်လာရမှုက ကျွန်တော့်ရဲ့ကစားသမားဘဝသက်တမ်းတလျှောက် ကြိုးစားခဲ့သမျှအရာတွေအတွက် ရရှိတဲ့ ဆုလာဘ်တစ်ခုပါပဲ။ တော်တော်လေး ရှည်လျားတဲ့ ခရီးကို ဖြတ်သန်းခဲ့ရပေမဲ့ နောက်ဆုံးတော့ ကျွန်တော် ရောက်လာခဲ့ပါပြီ"
"ဒီကိုလာဖို့ အခွင့်အရေးရလာချိန်မှာ ကျွန်တော် စက္ကန့်ပိုင်းတောင် မတွန့်ဆုတ်ခဲ့ပါဘူး။ အားပေးသူတစ်ဦးအဖြစ် ဘာနေဗျူးကွင်းမှာ မှော်ဆန်တဲ့ညတွေ၊ Comeback ပွဲစဉ်တွေနဲ့ သူတို့ရယူခဲ့တဲ့ ချန်ပီယံလိဂ်ဖလားတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါတွေကို ကိုယ်တိုင်ပါဝင်ဆင်နွှဲခွင့်ရတယ်ဆိုတာ တကယ်ကို ကြီးမားတဲ့ တာဝန်တစ်ခုပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းသလို အရေးကြီးတဲ့စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်" လို့ ကူကူရယ်လာက ပြောကြားခဲ့ပါတယ်။