ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားနိုင်လို့ အတိုင်းမသိဝမ်းသာပီတိဖြစ်နေတဲ့ ဒီအိုမန်ဒီ
ယန်ဒီယိုမန်ဒီကတော့ လိုက်ပ်ဇစ်မှ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မယ့်ကိစ္စကို အတည်ပြုနိုင်ခဲ့လို့ အလွန်ဝမ်းသာပျော်ရွှင်နေပါတယ်။
နှစ်ဖက်ကလပ်အသင်းတွေအကြား ကြာသပတေးနေ့မှာ အပြောင်းအရွှေ့ကို တရားဝင်အတည်ပြုပြီးနောက် ဒီအိုမန်ဒီက လိုက်ပ်ဇစ်အသင်းကို ကျေးဇူးတင်ခဲ့သလို လာလီဂါထိပ်သီးအသင်းကြီးဆီ ပြောင်းရွှေ့ခွင့်ရလို့လည်း ဂုဏ်ယူနေခဲ့ပါတယ်။
လိုက်ပ်ဇစ်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်မှာ ဒီအိုမန်ဒီက"လိုက်ပ်ဇစ်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်တာကာလတုန်းက ကျွန်တော်က ပရော်ဖက်ရှင်နယ်ပွဲစဉ်အနည်းငယ်ပဲ ကစားဖူးသေးပေးမဲ့ ကလပ်အသင်းနဲ့ တာဝန်ရှိသူတွေကိုယ်တိုင် ကျွန်တော့်ကို ယုံကြည်ပေးခဲ့ကြပါတယ်။ သူတို့က ကျွန်တော့်အပေါ် ယုံကြည်မှုအပြည့်အ၀ထားရှိပြီး ထိပ်တန်းအဆင့်မှာ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေး ပေးခဲ့ကြပါတယ်" လို့ ပြောပါတယ်။
လိုက်ပ်ဇစ်အသင်းက အိုင်ဗရီကို့စ်တောင်ပံကစားသမားကို ယမန်နှစ်နွေရာသီ၊ လီဂါနက်စ်မှ ယူရို သန်း ၂၀ ဖြင့် ခေါ်ယူခဲ့သလို ဒီအိုမန်ဒီကိုယ်တိုင်လည်း ၂၀၂၅-၂၀၂၆ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အတောက်ပဆုံး ကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
"ဥရောပရဲ့ထိပ်တန်းလိဂ်တစ်ခုမှာ အသားကျအောင် ကစားနိုင်ခဲ့သလို အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းမှာ နေရာရခဲ့ပြီး ကမ္ဘာ့ဖလားလို အကြီးကျယ်ဆုံးစင်မြင့်ပေါ်မှာ နိုင်ငံကို ကိုယ်စားပြုခွင့် ရခဲ့ပါတယ်။ လိုက်ပ်ဇစ်သာ မရှိရင် ဒါတွေ ဖြစ်နိုင်လာစရာ မရှိပါဘူး။ ဒါကြောင့် အမြဲတမ်းကျေးဇူးတင်နေပါမယ်" လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကို ကိုယ်စားပြုခွင့်ရတဲ့အတွက်လည်း သူက တကယ့်ကို စိတ်လှုပ်ရှားနေပါတယ်။
"ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ရတယ်ဆိုတာ ကျွန်တော့်အတွက်တော့ ငယ်ဘဝအိပ်မက် အကောင်အထည်ပေါ်လာတာပါပဲ။ စာချုပ်သက်တမ်းကျန်သေးတာတောင် အခုလို ပြောင်းရွှေ့ခွင့်ပေးတဲ့ လိုက်ပ်ဇစုတာဝန်ရှိသူတွေကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်" လို့ သူက ဆိုပါတယ်။
"ပရိသတ်တွေကိုလည်း အစကတည်းက အံ့ဩစရာကောင်းလောက်အောင် အားပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ စိတ်အားထက်သန်မှု၊ ကျွန်တော့်အပေါ် ယုံကြည်အားပေးမှုတွေက စကားလုံးတွေနဲ့ ဖော်ပြလို့မရအောင် တန်ဖိုးရှိပါတယ်။ ခင်ဗျားတို့ပေးတဲ့ ချစ်ခြင်းမေတ္တာတွေအတွက်လည်း အမြဲကျေးဇူးတင်နေပါမယ်"
"ဒီနေ့မှာတော့ အခန်းကဏ္ဍသစ်တစ်ခု စတင်ပါပြီ။ ခွဲခွာရတာ ဘယ်တော့မှ မလွယ်ကူပေမဲ့ ရှေ့မှာရှိနေတဲ့ အရာတွေအတွက်တော့ ရင်ခုန်နေပါတယ်။ လိုက်ပ်ဇစ်မှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကိုလည်း အမြဲတမ်း ဂုဏ်ယူစွာနဲ့ ပြန်တွေးနေပါမယ်။ ဒီကလပ်အသင်းက ကျွန်တော့်နှလုံးသားထဲမှာ အမြဲနေရာယူထားဖို့ရှိသလို အသင်းရဲ့ခရီးစဉ်တွေကိုလည်း အမြဲစောင့်ကြည့်သွားပါမယ်။ ဘယ်သူသိမှာလဲ? တစ်နေ့နေ့မှာ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ပြန်ဆုံချင် ဆုံနိုင်တယ်လေ။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်" လို့ ဒီအိုမန်ဒီက သူ့ရဲ့ နှုတ်ဆက်စာမှာ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။