ရီးရဲလ်မက်ဒရစ်ထက် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ပိုစိတ်ဝင်စားလာတဲ့ မန်စီးတီးကြယ်ပွင့်ရိုဒရီ
မန်ချက်စတာစီးတီးကွင်းလယ်လူရိုဒရီက ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးမှုတွေ ရှိနေပေမဲ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့မယ့်အလားအလာအတွက်လည်း လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။
စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိထားတဲ့ အသင်းခေါင်းဆောင်ရိုဒရီကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က မန်စီးတီးနဲ့ သီတင်းပတ်အတော်ကြာ ဆွေးနွေးနေခဲ့ပြီး နှစ်ဖက်အကြား တိုးတက်မှုအရိပ်အယောင် သိပ်မတွေ့ထားရဖူးပါဘူး။
ရိုဒရီရဲ့လစာပိုင်းက စပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်အတွက် ပြဿနာမဟုတ်ပေမဲ့ မန်စီးတီးနဲ့ ညှိနှိုင်းရမယ့် ပြောင်းရွှေ့ကြေးကိစ္စမှာတော့ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေပုံရပါတယ်။
ဒါကပဲ တခြားကလပ်အသင်းတွေအတွက် ဘော်လွန်းဒီအော်ဆုရှင်ကို ကြားဖြတ်လုယူဖို့ အခွင့်အရေး ဖြစ်လာစေပါတယ်။ အထူးသဖြင့် ရီးရဲလ်မက်ဒရစ်ရဲ့ မဟာပြိုင်ဘက်ကြီး ဘာစီလိုနာကလည်း ဒီဂန္ထဝင်ကွင်းလယ်လူကို ခေါ်ယူနိုင်မယ့် အကောင်းဆုံးအခွင့်အရေးအဖြစ် ရှုမြင်လာပါပြီ။
ကြာသပတေးနေ့မွန်းလွဲပိုင်းမှာပဲ သတင်းထောက်ဘန်ဂျက်ကော့ဘ်က ရိုဒရီကိုခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ဘာစီလိုနာတို့ အရှိန်အဟုန်ဖြင့် အသာစီးရနေပြီလို့ ဖော်ပြခဲ့ပါတယ်။
"ကစားသမားနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်ထက် အခြေအနေ ပိုကောင်းနေပြီလို့ ဘာစီလိုနာက သူတို့ကိုယ်သူတို့ ယူဆနေကြပါတယ်။ အရင်ကတော့ ရီးရဲလ်မက်ဒရစ်က ရေပန်းအစားဆုံး ဖြစ်ခဲ့တာပါ။ ရိုဒရီကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ခဲ့ပေမဲ့ အခုတော့ ဘာစီလိုနာကပါ သူ့ကိုရရှိဖို့ အပြိုင်အဆိုင် ဖြစ်လာပါပြီ။ မန်စီးတီးကတော့ သူ့ကိုဆက်ထိန်းထားချင်ပေမဲ့ ရိုဒရီရဲ့ဦးစားပေးဆန္ဒကတော့ စပိန်နိုင်ငံဆီ ပြန်သွားဖို့ပါပဲ" လို့ ဘန်ဂျက်ဘော့ဘ်က ဆိုပါတယ်။
ဖာဘရီဇီယိုရိုမာနိုကလည်း "ဒီနေ့မှာ ရိုဒရီက ဘာစီလိုနာနဲ့ စာချုပ်ကိစ္စတွေ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ အသိပေးလိုက်ပါတယ်" လို့ ပြောကြားခဲ့ရာ ရီးရဲလ်မက်ဒရစ်အတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်သွားပါတယ်။
ရိုဒရီရဲ့လက်ရှိစာချုပ်သက်တမ်းက နောက်ဆုံး ၁၂ လအတွင်း ဝင်ရောက်လာနေပြီး မန်စီးတီးနဲ့ဆက်လက်တွဲဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် မန်စီးတီးက လာမယ့်နွေရာသီမှာ သူ့ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့မဆုံးရှုံးရအောင် အခုစျေးကွက်မှာပဲ ရောင်းချသွားဖို့ ပြင်ဆင်လာပါတယ်။ သတင်းတွေအရ မန်စီးတီးက စပိန်လက်ရွေးစင်အသင်းခေါင်းဆောင်အတွက် ပေါင်သန်း ၄၀ ဝန်းကျင် တောင်းဆိုသွားနိုင်တယ်လို့ သိရပါတယ်။