The network connection is lost.

Banner Image

ဖိအားတွေ များပြားလာမှုနဲ့အတူ ဖီဖာဥက္ကဋ္ဌရာထူးမှာ ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တော့တဲ့ အင်ဖန်တီနို

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စီးပွားရေးဆိုင်ရာအခွင့်အရေးတွေကို ရောင်းချဖို့ ကြိုးပမ်းတဲ့ စီမံကိန်း ပျက်ပြယ်သွားပြီးနောက် ဂျီယန်နီအင်ဖန်တီးနိုရဲ့ ဖီဖာဥက္ကဋ္ဌရာထူးဟာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲတဲ့အနေအထားဆီ ရောက်ရှိနေပြီလို့ ဥရောပ ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်များအဖွဲ့အစည်းရဲ့အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် ၅၃ ခုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းရဲ့အကြီးအကဲ ကလောဒီယပ်စ်ရှာဖာက အင်ဖန်တီနိုရဲ့စီမံကိန်းကြောင့် ဒေသတွင်း ဘောလုံးအဖွဲ့ချုပ်တွေဆီမှ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်လာပြီးနောက် အင်ဖန်တီနိုအတွက် ရလဒ်တစ်ခုတည်းသာ ရှိတော့တယ်လို့ ဆိုပါတယ်။

"ဒီကိစ္စတွေ ဘယ်လို ဖြစ်ပျက်လာတယ်ဆိုတာကို ကြည့်လိုက်တဲ့အခါမှာ ဖီဖာရဲ့ အဓိက အုပ်ချုပ်ရေးအဖွဲ့တွေတောင် မသိဘဲ လုပ်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ဒါမျိုးကတော့ ဘယ်ကုမ္ပဏီမှာပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ရလဒ်က တစ်ခုတည်းပဲ ရှိပါတယ်" လို့ ရှာဖာက ဆွစ်ဇာလန်သတင်းစာ SonntagsZeitung ကို ပြောပါတယ်။

ဒါဟာ အင်ဖန်တီနိုကို ဖီဖာဥက္ကဋ္ဌအဖြစ် လက်မခံနိုင်တော့တဲ့ သဘောလားလို့ မေးတဲ့အခါ ရှာဖာက "ကုမ္ပဏီတစ်ခုခုမှာ ဘယ်သူမှမသိအောင် ဒီလိုစီးပွားရေးအပေးအယူတစ်ခုကို လုပ်ဖို့ ကြိုးစားလာရင်တော့ ပုံမှန်အားဖြင့် အကျိုးဆက်က တစ်ခုတည်းပဲ ဖြစ်တတ်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

ဘောလုံးကမ္ဘာတစ်ခုလုံး ဝိုင်းဝန်းကန့်ကွက်မှုတွေကြောင့် စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီလို့ အင်ဖန်တီနိုက သောကြာနေ့မှာ ပြောခဲ့ပါတယ်။ ဒေသတွင်းဘောလုံးအဖွဲ့ချုပ်တွေဖြစ်တဲ့ ဥရောပ (UEFA) နဲ့ မြောက်အမေရိက (CONCACAF) တို့ကလည်း အင်ဖန်တီးနိုရဲ့ ခေါင်းဆောင်မှုအပေါ် အယုံအကြည်မရှိတော့ဘူးလို့ စနေနေ့မှာ ပြောဆိုခဲ့ကြပါတယ်။

ဆွစ်ဇာလန်ဘောလုံးလိဂ်ရဲ့အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ရှာဖာကတော့  အခုအဆိုပြုချက်ကိုကြည့်ရင် ဖီဖာရဲ့အဓိကရည်မှန်းချက်ဟာ နောင်မှာ ပြိုင်ပွဲတွေ ပိုများပြားအောင်၊ ပိုကြီးမားအောင် လုပ်ပြီး ပြင်ပရင်းနှီးမြှုပ်နှံသူတွေအတွက် အမြတ်အစွန်းအများဆုံးရှာဖွေပေးဖို့ပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

"ဒါ ငွေရေးကြေးရေးအကျိုးအမြတ်တစ်ခုတည်းကိုပဲ ကြည့်တာပါ၊ ကျန်တဲ့ အရာအားလုံးကို လုံးဝ လျစ်လျူရှုထားပါတယ်" လို့ သူက ပြောပါတယ်။ ဥရောပလိဂ်တွေရဲ့ကန့်ကွက်မှုနဲ့ပတ်သက်လို့လည်း ရှာဖာက လက်ရှိမှာတင် ပွဲစဉ်ဇယားကျပ်တည်းနေချိန် နောက်ထပ်ပွဲစဉ်တွေ ထပ်တိုးလိုက်မယ်ဆိုရင် ဒေသတွင်းလိဂ်ပြိုင်ပွဲတွေ ထိခိုက်မှုရှိလာနိုင်မယ့်အရေးကို စိုးရိမ်မိခြင်းကြောင့်ဖြစ်တယ်လို့ ရှာဖာက ရှင်းပြပါတယ်။

"ဒီစီမံကိန်းကို ဖီဖာရဲ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ဖီဖာကောင်စီတောင် မသိခဲ့ပါဘူး။ ဥက္ကဋ္ဌက ဒီကိစ္စကို ဘယ်သူ့ကိုမှမတိုင်ပင်ဘဲ တစ်ဦးတည်း လုပ်ခဲ့တယ်ဆိုတာကို ကျွန်တော် တကယ်ပဲ အံ့ဩမိပါတယ်" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။