The network connection is lost.

Banner Image

အင်ဖန်တီနိုအပေါ် အယုံအကြည် လုံး၀မရှိတော့ဘူးလို့ ယူအီးအက်ဖ်အေလိုပဲ နယ်သာလန်ဘောလုံးအဖွဲ့ချုပ် ကြေညာ

'FIFA Forward Enterprise' (FFE) လို့ခေါ်တဲ့ အငြင်းပွားဖွယ်စီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းအပြီးမှာတော့ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်(KNVB)က ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုအပေါ် အယုံအကြည်မရှိတော့ဘူးလို့ ယူအီးအက်ဖ်အေ(UEFA)နဲ့အတူ ပူးပေါင်းကြေညာလိုက်ပါတယ်။

ကမ္ဘာတစ်ဝန်း ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်မှုတွေကြောင့် အင်ဖန်တီနိုနဲ့ ဖီဖာတို့က သူတို့ရဲ့ FFE စီမံကိန်းကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ စနေနေ့မနက်မှာ ကြေညာခဲ့ပါတယ်။ ဒီစီမံကိန်းက ဒေါ်လာ ၂၀ ဘီလျံတန်ဖိုးရှိကုမ္ပဏီခွဲတစ်ခု တည်ထောင်ပြီး ကမ္ဘာ့ဖလားရဲ့ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်စေကာ၊ အင်ဖန်တီနိုကိုယ်တိုင် အဲဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌအဖြစ် အမြတ်အစွန်းတွေကို စီမံခန့်ခွဲမယ့် အစီအစဉ် ဖြစ်ပါတယ်။

ဒီစီမံကိန်းသာ ဖြစ်မြောက်လာမယ်ဆိုရင် ဖီဖာရဲ့ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မယ်လို့ ယူအီးအက်ဖ်အေက ကြေညာခဲ့သလို၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC) နဲ့ CONCACAF တို့ကလည်း သောကြာနေ့မှာ ဒီအဆိုပြုချက်ကို လက်မခံဘူးလို့ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

ဖီဖာဘက်က စီမံကိန်းကို ပြန်ဖျက်သိမ်းလိုက်ပေမဲ့ ယူအီးအက်ဖ်အေကတော့ အင်ဖန်တီနိုကို ဆက်တိုက် ဝေဖန်နေပါတယ်။ ယူအီးအက်ဖ်အေက သူတို့ရဲ့ယုံကြည်မှုတင်မကဘဲ ဘောလုံးမိသားစုဝင်ရဲ့ယုံကြည်မှုကိုပါ အင်ဖန်တီနိုဆုံးရှုံးသွားပြီဖြစ်သလို ဖီဖာဥက္ကဋ္ဌကိုယ်တိုင် လျှို့ဝှက်ကြံစည်ခဲ့တဲ့ ဒီအပေးအယူမှာ ပွင့်လင်းမြင်သာမှု လုံး၀မရှိဘူးလို့ ဆိုပါတယ်။

ဖီဖာရဲ့ကြေညာချက်ထွက်လာပြီးနောက် နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ယူအီးအက်ဖ်အေရဲ့ရပ်တည်ချက်ကို ထောက်ခံလိုက်သလို အင်ဖန်တီးနိုကိုလည်း ပြတ်ပြတ်သားသားဝေဖန်လိုက်ပါတယ်။

နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ "ဒီစီမံကိန်းရဲ့အကြောင်းအရာရော၊ ရေးဆွဲခဲ့တဲ့ပုံစံကိုပါ လက်ခံနိုင်စရာ မရှိဘူးဆိုတာကို ယူအီးအက်ဖ်အေအပါအဝင် တခြားဥရောပမိတ်ဖက်အဖွဲ့ချုပ်တွေနဲ့အတူ အစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ" လို့ ဖော်ပြထားပါတယ်။

"ဒီအဆိုပြုချက်ကို ပြန်ရုပ်သိမ်းလိုက်ရုံနဲ့ ကိစ္စပြီးသွားပြီလို့ KNVB အနေနဲ့ မယူဆပါဘူး။ အခုလုပ်ရပ်တွေကြောင့် ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုရဲ့ဦးဆောင်မှုအပေါ် ယုံကြည်မှုတွေ အခြေခံမှစပြီး ပျက်ပြားသွားပါပြီ။ သူ့ရဲ့ဦးဆောင်မှုအပေါ် အယုံအကြည်မရှိတော့ပါဘူး" လို့ ဆိုပါတယ်။

ဒါ့အပြင် "ဒါဟာ ကမ္ဘာတစ်ဝန်းရှိ အဖွဲ့ချုပ်တွေရဲ့စိုးရိမ်မှုတွေတင်မကဘဲ ဖီဖာအဖွဲ့အစည်း အတွင်းပိုင်း ဝေဖန်မှုတွေအရလည်း သိသာထင်ရှားနေပါတယ်။ ဒီအခြေအနေက ဖီဖာရဲ့ အနာဂတ်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုပိုင်းအပေါ် အလေးအနက်ဆွေးနွေးဖို့ လိုအပ်နေပြီဆိုတာကို ပြသနေပါတယ်" လို့လည်း ရေးသားထားပါတယ်။