အင်ဖန်တီနိုကို ရာထူးမှဆင်းပေးဖို့ ယူအီးအက်ဖ်အေ တောင်းဆို
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ရဲ့ ပြင်းထန်တဲ့ထုတ်ပြန်ချက်ကြောင့် ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုရဲ့ရာထူးအတွက် အကြီးအကျယ်ဖိအားများလာရပါတယ်။
လတ်တလောမှာ အင်ဖန်တီနိုက ကမ္ဘာအနှံ့ဝေဖန်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖီဖာရဲ့ပြိုင်ပွဲရှယ်ယာတွေကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချမယ့် အငြင်းပွားဖွယ် စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။
ဖီဖာဥက္ကဋ္ဌကိုယ်တိုင် ကမ္ဘာ့ဖလားရဲ့စီးပွားရေးဆိုင်ရာအခွင့်အရေး ၃၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကဆီ ရောင်းချဖို့ ကြံစည်ခဲ့ပြီး ဒါက ဘောလုံးအားကစားကို ဒုက္ခပေးလိမ့်မယ်လို့ လူအများစု ယုံကြည်ခဲ့ကြပါတယ်။ အင်ဖန်တီနိုကတော့ သူ့ရဲ့စီမံကိန်းအပေါ် ထောက်ခံတဲ့ ဘောလုံးအဖွဲ့ချုပ်တွေကို ပေါင် ၃၀ ဒဿမ ၁ သန်းစီ ပေးမယ်လို့ မက်လုံးပေးခဲ့သလို စက်တင်ဘာ ၁၉ ရက်ကိုလည်း နောက်ဆုံးနေ့ရက်အဖြစ် သတ်မှတ်ပြီး ဆွဲဆောင်ခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်လာမှုအပေါ် ယူအီးအက်ဖ်အေကတော့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ တကယ်လို့ ဒီစီမံကိန်းသာ အကောင်အထည်ပေါ်လာရင် ကမ္ဘာ့ဖလားကို သပိတ်မှောက်မယ်လို့ မဲခွဲဆုံးဖြတ်ခဲ့သလို၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC) နဲ့ CONCACAF တို့လည်း ကန့်ကွက်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အခုတော့ ယူအီးအက်ဖ်အေက ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အင်ဖန်တီနိုရဲ့စီမံကိန်းရပ်တန့်မှုကို သူတို့ရဲ့ အောင်ပွဲဖြစ်သလို အင်ဖန်တီနိုအပေါ် ယုံကြည်မှုမရှိတော့လို့ သူ့နေရာမှာ တခြားတစ်ဦးနဲ့အစားထိုးရန် တောင်းဆိုလိုက်ပါတယ်။ အင်ဖန်တီနိုရဲ့ စီမံကိန်းကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် ဖျက်ဆီးမယ့် အကောင်းဆုံးနည်းလမ်းတစ်ခုအဖြစ် သူတို့က ယူဆနေကြပါတယ်။
ယူအီးအက်ဖ်အေရဲ့ထုတ်ပြန်ချက်ထဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တွေရဲ့ငွေကြေးတွေကို ဘောလုံးလောကအကျိုးအတွက် အင်ဖန်တီနို အသုံးမချနိုင်ခဲ့ဘူးလို့ ဖော်ပြထားသလို ဖီဖာအပေါ် ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်မယ့်အလုပ်တွေ အခုမှ စရုံပဲ ရှိပါသေးတယ် လို့လည်း ပါရှိပါတယ်။ ဒါက အင်ဖန်တီနိုအတွက်တော့ တကယ့်ကို စိုးရိမ်စရာကောင်းတဲ့ အချက်ပေးသံပါပဲ။
ဖီဖာရဲ့အရာရှိချုပ်ကယ်ဗင်လာမိုးကလည်း ဒီစီမံကိန်းနဲ့ပတ်သက်လို့ အဖွဲ့ချုပ်ရဲ့အုပ်ချုပ်ရေးပိုင်းကိုပါ လိမ်လည်လှည့်ဖြားခဲ့တာတယ်လို့ သောကြာနေ့မှာ ထုတ်ပြောခဲ့ပြီး အင်ဖန်တီနို ရာထူးမှဖယ်ရှားခံရဖို့ သေချာသလောက် ဖြစ်လာပါတယ်။